ဂျပန် နျူစက်ရုံ ယိုစိမ့်မှု ထင်တာထက် ဆိုးရွား

  • 21 ဩဂုတ် 2013
Fukushima leak
Image caption ရေဒီယို သတ္တိကြွဓာတ်တွေ ယိုစိမ့်ထွက်နေတဲ့ ဖူကူရှီးမား နျူစက်ရုံ

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်က ဆူနာမီ ဒဏ် ကြောင့် ထိခိုက် ပျက်စီးခဲ့ရတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံရဲ့ သိုလှောင်ကန် တစ်ခု ကနေ ရေဒီယို သတ္တိကြွ ဓာတ်တွေ ယိုစိမ့် နေမှုကို စက်ရုံဝန်ထမ်းတွေ အသည်းအသန် တားဆီးလုပ်ဆောင်နေစဉ်မှာပဲ အဲဒီ ရေဒီယို သတ္တိကြွဓာတ် ယိုစိမ့်နေမှုဟာ အစောပိုင်းက ထုတ်ဖော်ပြောခဲ့တာထက် ပိုပြီးဆိုးရွားတယ်လို့ ဂျပန် နျူကလီးယား စည်းမျဉ်းထိန်းညှိသူတွေ က ပြောဆိုလိုက်ပါတယ်။

အဲဒီ ရေဒီယို သတ္တိကြွဓာတ် ယိုစိမ့်မှုကို အနိမ့်ဆုံးအန္တရာယ် အဆင့်ဖြစ်တဲ့ အဆင့်၁ အနေနဲ့သာ အစောပိုင်းက သတ်မှတ် ပြောခဲ့တာ ဖြစ်ပေမယ့် အခုအခါမှာတော့ အဆင့်၃ အဖြစ် တိုးမြှင့် သတ်မှတ်ဖို့ ဂျပန်နျူကလီးယား စည်းမျဉ်း ထိန်းညှိသူ တွေက လိုလားနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ဆူနာမီ ငလျင်ဒီလှိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရတဲ့ အဲဒီ ဖူကူရှီးမား နျူကလီးယား စက်ရုံမှာ ဒီဖြစ်ရပ်ဟာ အဆိုးဝါးဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။

နျူကလီးယား အန္တရာယ်ကြောင့် အလှည့်ကျ တာဝန်ယူနေရတဲ့ စက်ရုံ ဝန်ထမ်းတွေဟာ ရေဒီယို သတ္တိကြွဓာတ်တွေ ပါဝင်နေတဲ့ ရေတွေကို အဲဒီ သိုလှောင်ကန်ထဲကနေ စုပ်ထုတ်နေကြပါတယ်။

အဲဒီ စက်ရုံကနေ ရေဒီယို သတ္တိကြွ ဓာတ်တွေ ပါဝင်နေတဲ့ ရေတွေဟာ ပင်လယ်ထဲကို ယိုစိမ့်ထွက်နေတယ် ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ လကမှ စက်ရုံမှူးက ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။