သမ္မတ နစ်ဆင်ရဲ့ တိတ်ခွေတွေ ထုတ်ပြန်

  • 22 ဩဂုတ် 2013
nixon
Image caption သမ္မတ နစ်ဆင်နဲ့ ဘရက်ဇညဖ်

အမေရိကန် ပြည်ထောင်စု မှာတော့ အရင် သမ္မတဟောင်း ရစ်ချတ် နစ်ဆင် အိမ်ဖြူတော်မှာ ရှိစဉ်က အသံသွင်းယူ ထားခဲ့တဲ့ တိတ်ခွေတွေ ထဲက နောက်ဆုံး ကျန်ရှိနေတဲ့ တိတ်ခွေ တွေကို အမျိုးသား မှတ်တမ်း ဌာနက ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ လျှို့ဝှက် တိတ်ခွေ တွေကို လွန်ခဲ့တဲ့ ၁၉၇၃ ခုနှစ် အတွင်းက ၃ လကျော်လောက် အသံသွင်းယူ ထားခဲ့တာ ဖြစ်ပြီး အဲဒီ ထဲမှာ နောက်ဆုံး သမ္မတ နစ်ဆင် ကိုယ်တိုင် ရာထူးကနေ နုတ်ထွက် ပေးခဲ့ရတဲ့ ဝါးတားဂိတ် အရှုပ်တော်ပုံ အထွတ်အထိပ် ရောက်ခဲ့တဲ့ အဖြစ်အပျက် တွေပါ ပါဝင်ပါတယ်။

နောက်ပြီး သမ္မတ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်း ထဲမှာ သမ္မတ နစ်ဆင်နဲ့ အဲဒီ အချိန်က ဆိုဗီယက် ယူနီယံရဲ့ ခေါင်းဆောင် လန်းနစ် ဘရက်ဇညဖ် တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာနဲ့ သမ္မတ နစ်ဆင်ရဲ့ အဆိုအရ ကမ္ဘာ့ ငြိမ်းချမ်းရေး သော့ချက် ဖြစ်တယ်ဆိုတဲ့ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြေလည်ဖို့ အရေးကို ဆွေးနွေး ခဲ့ကြ တာလည်း ပါဝင်ပါတယ်။

အခု ထုတ်ပြန် ပေးလိုက်တာနဲ့ ဆိုရင် အဲဒီတုန်းက အသံ သွင်းထားခဲ့တဲ့ နာရီပေါင်း ၃၀၀၀ လောက်ကို အများပြည်သူ သိရှိခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကျန်နေသေးတဲ့ နာရီ ၇၀၀ ကိုတော့ အမျိုးသား လုံခြုံရေးနဲ့ အဲဒီ ကိစ္စတွေမှာ ပါဝင်ပတ်သက် သူတွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် တွေအတွက် ကန့်သတ် ထိန်းချုပ် ထားပါတယ်။