မူဘာရက်ကို နှစ်နှစ်ကျော်ကြာ ထိန်းသိမ်း ထားခဲ့ရာက ပြန်လွှတ်ပေးလိုက်

  • 23 ဩဂုတ် 2013
Image caption လွတ်မြောက်လာတဲ့ အကျဉ်းစံ ဟော်စနီ မူဘာရက်

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း ဟော်စနီ မူဘာရက်ကို နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားခဲ့ရာက ပြန်လွှတ်ပေးလိုက်ပြီး အိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။

သူ့ကို ထိန်းသိမ်းထားခဲ့တဲ့ ကိုင်ရိုမြို့က စစ်ဆေးရုံနားက အကျဉ်းထောင်ကနေ မစ္စတာ မူဘာရက်ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင် သွားခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မစ္စတာ မူဘာရက် ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ လူထုအုံကြွမှုတွေ အတွင်း ဆန္ဒပြသမားတွေကို သတ်ဖို့ အမိန့်ပေးခဲ့မှုနဲ့ ပြန်လည် တရားစီရင်တာကို သူရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

အီဂျစ်မှာ မစ္စတာ မူဘာရက် ကို ထောက်ခံသူ အများအပြား ရှိပေမယ့် သူလွတ်လာတာဟာ အာရပ်နွေဦး တော်လှန်ရေးရဲ့ အောင်မြင်မှု တခုကို ပြောင်းပြန် လှန်လိုက်သလို လူအများ ခံစားရစေတယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက်က ပြောပါတယ်။