ဆီးရီးယားမှာ UN ယာဉ်တန်း ပစ်ခတ်ခံရ

  • 26 ဩဂုတ် 2013
Syria
Image caption ကုလသမဂ္ဂ ယာဉ်တန်း ပစ်ခတ်ခံရ

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့တော် အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဓာတု လက်နက်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ် ဆိုတဲ့ နေရာကို သွားနေတဲ့ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနေရာနား ရောက်ခါနီးမှာပဲ သူတို့ ကားတန်းထဲက ရှေ့ဆုံးကားကို ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက တမင် ချိန်ရွယ် ပစ်ခတ်တာ ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြပါတယ်။

ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေ အဲဒီနေရာကို လာရောက် စစ်ဆေးချိန်မှာ နှစ်ဘက် အပစ်အခတ် ရပ်ထားဖို့ အစိုးရနဲ့ လက်နက်ကိုင် သူပုန်တွေအကြား သဘောတူထားတဲ့ ကြားက အခုလို ဖြစ်ပွားခဲ့တာပါ။

ကားပေါ်ပါလာတဲ့ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ပြန်ဆုတ်ခွာခဲ့ရပါတယ်။ ကျည်ဆံ ထိမှန် ပျက်စီးခဲ့တဲ့ ကားကို အစားထိုး ပြန်လဲအပြီး အခုတော့ အဲဒီနေရာကို သူတို့ ရောက်သွားပါပြီ။

ဒီကနေ့နဲ့ မနက်ဖြန်မှာ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေက တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နေရာ ၅နေရာကနေ မြေကြီး နမူနာတွေ၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ သွေး ဆီး နဲ့ တစ်ရှူးမျှင် နမူနာတွေ ကို ဓါတ်ခွဲခန်းမှာ စစ်ဆေး ဖို့ ယူမှာပါ။

တကယ်ဆို ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးတွေ အဲဒီနေရာကို သွားရောက် စစ်ဆေးခွင့် မရခင်ကတည်းကိုက အဲဒီမှာ ဆီးရီးယား အစိုးရက ဓါတု လက်နက်တွေ သုံးခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရကတော့ ယုံမှားသံသယ သိပ်မရှိလှပါဘူး။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ်ကလည်း တိုက်ခိုက်မှုတွေ ဖြစ်ပြီးကတည်းက အခု ၅ ရက်တာ အချိန်အတွင်းမှာ သက်သေ အထောက်အထား သဲလွန်စတွေကို ဖျောက်ဖျက်ပစ်နိုင်ဘွယ် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေကို သွားခွင့်ပြုရေးကို ဆီးရီးယား အစိုးရအနေနဲ့ အချိန်တွေ အကြာကြီး ဆွဲထားခဲ့တာနဲ့ ပတ်သက်လို့ အနောက်အုပ်စု နိုင်ငံတွေက ဝေဖန် ပြောဆိုနေကြပြီး စစ်ရေးအရ တုန့်ပြန် အရေးယူကောင်း ယူဖို့ စဉ်းစားနေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဒမာ့စကပ်စ်မြို့အရှေ့ဘက် ဆင်ခြေဖုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ