ဖူကူရှီးမား နျူစက်ရုံ သန့်ရှင်းရေးအစီအမံ

  • 27 ဩဂုတ် 2013
fukushima clean up
Image caption ရေဒီယိုသတ္တိကြွဓာတ်တွေ ယိုစိမ့်နေတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံ

ဂျပန်နိုင်ငံက ထိခိုက်ပျက်ဆီးမှုတွေ ဖြစ်နေတဲ့ ဖူကူရှီမား နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ရေဒီယို သတ္တိကြွဓာတ် အများအပြား ပါဝင်တဲ့ ရေတွေ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီးနောက် စက်ရုံ ပြန်ပြီး သန့်ရှင်းလာရေး ကြီးကြပ် ဆောင်ရွက်ဖို့ ဂျပန်အစိုးရကနေ အရာရှိတွေကို တာဝန် ချထားလိုက်ပါတယ်။

ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး တိုရှီမစ်ဆု မိုတီဂီ က ပြောကြားရာမှာ ဒီလို ပြန်ပြီး သန့်ရှင်းလာအောင် ကြီးကြပ် ဆောင်ရွက်ဖို့ အထူးလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့မယ်လို့ ဆိုပါတယ်။

မစ္စတာ မိုတီဂီက ရေသိုလှောင်ကန်တွေကို ထပ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ ဒီလို ကန်တွေအတွက် ပိုပို ကောင်းတဲ့ ဒီဇိုင်း ပုံစံတွေ ဆောက်ဖို့ ပန်ကြားလိုက်ပါတယ်။

ဒီ စက်ရုံတွေကို တာဝန်ယူ လည်ပတ်နေတဲ့ တက်ပို ကုမ္ပဏီရဲ့ ကြိုးပမ်းချက်တွေအပေါ် ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။