ဆီးရီးယား အရေး လုံခြုံရေးကောင်စီ တင်ပြီ

  • 28 ဩဂုတ် 2013
Obama and Cameron
Image caption ဆီးရီးယား အရေး ဖြေရှင်းဖို့ အဓိက တွန်းအားပေးသူ ၂ ဦး

ဆီးရီးယားနိုင်ငံမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ခွင့်ပြုရေး ဆုံးဖြတ်ချက် မူကြမ်း တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗြိတိန်က ဦးဆောင်ပြီး ဒီကနေ့ တင်ပြတော့မှာ ဖြစ်ပါတယ်။

ပြီခဲ့တဲ့အပတ်က ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံး အပိုင်းမှာ ဓာတုလက် နက်တွေနဲ့ တိုက်ခိုက်ခဲ့တာတွေဟာ ဆီးရီးယား အစိုးရရဲ့ လက်ချက်ဖြစ်တယ်လို့လည်း အပစ်တင်ထားတဲ့ သဘောထားလည်း အဲဒီ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ ပါရှိပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဆီးရီးယား အရေးနဲ့ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်မှုတွေ ပြုလုပ်စေချင် တယ်လို့ ပြောကြားလိုက်ပါသေးတယ်။

ဆီးရီးယားရဲ့ အဓိက မဟာမိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ ရုရှားကတော့ လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက်မူကြမ်းအတွက် မဆွေးနွေးခင် ဆီးရီးယားမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လက်နက် စစ်ဆေးသူတွေရဲ့ အစီရင်ခံစာကို အရင် အပြီးသတ်အောင် လုပ်ဆောင် ရမယ်လို့ ပြောပါတယ်။

ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အတူတကွ လုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့နှောင်းပိုင်းမှာတော့ ဆီးရီးယားကို စစ်ရေး တိုက်ခိုက်မှုတွေ ဘာကြောင့် လုပ်ဖို့လိုတယ်ဆိုတာကို အထောက်အအကူပေးမယ့် ဆီးရီးယားက ဓာတုလက်နက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အစီရင်ခံစာကို အမေရိကန်ဘက်က ထုတ်ပြန်ဖို့ ရှိနေပါတယ်။