အိန္ဒိယ မူဂျာဟစ်ဒင် ခေါင်းဆောင် ဖမ်းမိ

  • 29 ဩဂုတ် 2013
india mujahideen yasin
Image caption မူဂျာဟစ်ဒင် ခေါင်းဆောင် Yasin Bhatkal ကို ဖမ်းဆီးလာစဉ်

အိန္ဒိယမှာ ဗုံးခွဲတိုက်ခိုက်မှုတွေအတွက် အဓိက တာဝန်ရှိတဲ့ အဖွဲ့ဖြစ်တဲ့ မူဂျာဟစ်ဒင် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ Yasin Bhatkal ကို အိန္ဒိယ နီပေါနယ်စပ်မှာ ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးမိလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushilkumar Shinde က ပြောပါတယ်။

မူဂျာဟစ်ဒင်အဖွဲ့ဟာ လူအတော်များများ သေကြေဒဏ်ရာရခဲ့တဲ့ ပူနေး၊ ဘန်ဂလောနဲ့ ဟိုက်ဒရာဘတ်မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွက် အဓိက လက်သည်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မူဂျာဟစ်ဒင် ခေါင်းဆောင် Yasin Bhatkal ဟာ ရဲအဖွဲ့ရဲ့ အလိုအရှိဆုံးသူ ဖြစ်နေခဲ့တာ ဖြစ်ပြီး အခုတော့ ဘီဟာပြည်နယ်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ Yasin Bhatkal နဲ့အတူ နောက်ထပ်လက်နက်ကိုင် ခေါင်းဆောင်တစ်ယောက်ကိုပါ ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

အခုလ အစောပိုင်းကလည်း Lashkar-e-Toiba အဖွဲ့ရဲ့ ထိပ်ပိုင်းအဖွဲ့ဝင်လို့ ယူဆရသူ Abdul Karim Tunda ကိုအိန္ဒိယ ရဲက ဖမ်းမိခဲ့ပါသေးတယ်။ တချို့သတင်းတွေအရ Abdul Karim Tunda ဟာ ရဲအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေခဲ့တယ်လို့ဆိုပေမယ့် မူဂျာဟစ်ဒင်ခေါင်းဆောင်ကို ဖမ်းဆီးရမှုနဲ့ ပတ်သက်ခြင်း ရှိ မရှိတော့ မသိရပါဘူး။