မလေးရှားက တရားမဝင် အလုပ်သမားတွေ ပြန်ပို့မယ့် ကိစ္စကို ဝေဖန်ပြီ

Image caption မလေးရှားရောက် ဘင်္ဂလားဒေ့ရှ် အလုပ်သမား

မလေးရှား နိုင်ငံမှာ ပြည်ပကနေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်သူ ငါးသိန်းကျော်ကို နေရပ်ပြန်ပို့မယ့် အစိုးရ အစီအစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

အခုလို ပြည်ပ လာရောက် အလုပ်လုပ်သူတွေထဲက အများစုဟာ လူကုန်ကူး သမားတွေရဲ့ ဖျားယောင်း ခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လိမ်ညာ ၊ အလွဲသုံးစား လုပ်ခံရတဲ့ လူတွေကို သူတို့ ကျူးလွန်မှု မရှိတဲ့ အခြေအနေမှာ ရမယ်ရှာ အပြစ်ပေးတာဟာ လက်ခံစရာ မရှိဘူး ၊ ရှက်ဖို့လည်း ကောင်းတယ်လို့ ရွေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့တခုရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လာမယ့် တနဂနွေနေ့မှာ စစ်ဆင်ရေး မစခင် တရားမဝင် ရွေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မှတ်ပုံတင်ခွင့် ပေးထားကြောင်းလည်း သိရပါတယ်။

အာဏာပိုင်တွေဖက်က ထိုက်သင့်တဲ့ ဥပဒေရေးရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ဖို့ ပျက်ကွက်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားမှာ ရွေ့ပြောင်း အလုပ်သမား အများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက လာရောက် အလုပ်လုပ်ကိုင် ကြတာ ဖြစ်ပါတယ်။