စာသင်ကျောင်း ပေါ်ကို အစိုးတပ်တွေက ဗုံးကြဲချ

  • 30 ဩဂုတ် 2013
Image caption ဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် အပျက်အစီး မြင်ကွင်း

ဆီးရီးယားမှာ ဓါတု လက်နက်သုံး တိုက်ခိုက်နေမှု အပေါ် ဝင်ရောက် စွတ်ဖက်မှု လုပ်ဖို့ သင့်မသင့် ဆိုတာကို အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ထိပ်တန်း အမတ်တွေကို မကြာခင် အချိန်ပိုင်း အတွင်း အစိုးရ အရာရှိတွေက တင်ပြ ဆွေးနွေး ကြတော့မှာ ဖြစ်ပါတယ်။

စစ်ရေး အရ ဝင်ရောက် တိုက်ခိုက်ဖို့ အတွက် စုံစမ်း ထောက်လှမ်းထားတာတွေကို တင်ပြမှာ ဖြစ်ပါတယ်။

အခြေခံ သဘောအားဖြင့် ဆိုရင်တော့ တကယ်လို့အမေရိကန် အကျိုးစီးပွား ရှိမယ်ဆိုရင် အမေရိကန် အနေနဲ့ တဦးတည်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ပါတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က အစောပိုင်းတုန်းက ဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံက ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် သံတမန် သတင်းရပ်ကွက် အဆိုအရ ဆီးရီးယား သမ္မတ အာဆတ်ကို စစ်ရေးအရ အရေးယူချင်တဲ့ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ်တို့နဲ့ အရေးမယူချင်တဲ့ ရုရှား ၊ တရုတ် တို့ အုပ်စု နှစ်ခုကြား သဘောထား တူညီချက် မရသေးဘူးလို့ သိရပါတယ်။

ဆီးရီးယားမှာ ဓါတု လက်နက်သုံး တိုက်ခိုက်မှုတွေကို စုံစမ်း နေတဲ့ ကုလသမဂ္ဂ စစ်ဆေးရေး အဖွဲ့ကတော့ နက်ဖြန် စနေနေ့မှာ ဆီးရီးယားက ထွက်ခွာလာတော့မှာ ဖြစ်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် စနေ တနဂနွေမှာ သူတို့ တွေ့ရှိသမျှကို နှုတ်နဲ့ အကြမ်းဖျဉ်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆီးရီးယား ဓါတုလက်နက်သုံး တိုက်ခိုက်ခဲ့မှုကို စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ စည်းရုံးနေတဲ့ ဗြိတိသျှ အစိုးရရဲ့ အစီအစဉ် အပေါ် ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ အရေးနိမ့်သွားခဲ့ပါတယ်။

အရပ်သားတွေကို သမ္မတ အာဆတ် အစိုးရက ဓါတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ် ဆိုတာ ကုလသမဂ္ဂ စုံစမ်းရေးမှုတွေက စစ်ဆေး တွေ့ရှိခဲ့လို့ ရှိရင် ဆီးရီးယားကိုစစ်ရေး အရ ဝင်ရောက် အရေးယူဖို့ ဗြိတိန် ညွန့်ပေါင်း အစိုးရ အဖွဲ့က ပါလီမန်မှာ အဆိုတင်ပြပြီး မဲခွဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အခုအဆိုကို ထောက်ခံမဲ ၂၇၂ ကန့်ကွက်မဲ ၂၈၅နဲ့ ၁၃မဲနဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို အရေးနိမ့်သွားခဲ့ပြီးတဲ့နောက် ပါလီမန်က စစ်ရေး အရ ဝင်ရောက်စွတ်ဖက်မှုတွေ မလုပ်ချင်ဘူး ဆိုတာ အထင်အရှား ပါဘဲလို့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောပါတယ်။

ဆီးရီးယားကို အရေးယူတဲ့ အထဲ ဗြိတိန်က ပါဝင်ဖို့ ဆိုရင်တော့ နောက်ထပ် မဲခွဲမှု တခု လုပ်ဖို့ လိုလိမ့်မယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေဟာ အရပ်သားတွေ အပေါ် ထပ်မံ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။

အခု သီတင်းပတ် အစောပိုင်း တုန်းက နိုင်ငံမြောက်ပိုင်းက စာသင်ကျောင်း ပေါ်ကို အစိုးရတွေက မီးလောင်ဗုံးလို လောင်ကျွမ်းစေတဲ့ ဒြပ်သတ္တိပါတဲ့ ဗုံးတလုံး ကြဲချခဲ့တာကြောင့် အနည်းဆုံး ကလေးဆယ်ယောက် သေဆုံးသွားပြီး ကလေးအများအပြားဟာလည်း အရေပြား ပေါ်မှာ ဆိုးရွားတဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့ပါတယ်။

မျက်မြင်သက်သေတွေ အပြောအရ ကျောင်းပေါ် ဗုံးကြဲချ မခံရခင် အစိုးရ ဂျက်တိုက် လေယာဉ် တစင်း ပျံသန်းသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေ ထိခိုက် ဒါဏ်ရမှုဟာ ထင်မထားလောက်အောင်ကို အများအပြား ရှိနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပြီး လူမှုကယ်ဆယ်ရေး လိုအပ်နေတဲ့ နေရာတွေ အားလုံးကို ချွင်းချက်မရှိ သွားလာ ဝင်ထွက် ကူညီခွင့် ပေးဖို့ ပန်ကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ