သီရိလင်္ကာမှာ ဒေါ်လာ ၁၉ သန်းဖိုး ဘိန်းဖြူတွေ ဖမ်းဆီးရမိ

  • 31 ဩဂုတ် 2013
Image caption ဘိန်းဖြူထုပ်တွေ အများအပြား တွေ့ရပုံ

သီရိလင်္ကာ နိုင်ငံမှာ ပါကစ္စတန်က လာတဲ့ ကုန်သေတ္တာ တလုံးကို စစ်ဆေးခဲ့ပြီးတဲ့နောက် ဘိန်းဖြူတွေ ဖမ်းဆီး ရခဲ့ပြီး ဒါဟာ တောင်အာရှ ဒေသတွင်းမှာ ဖမ်းဆီး ရမိ သမျှ ထဲမှာ အများဆုံး ဖြစ်တယ်လို့ အကောက်ခွန် အာဏာပိုင်တွေက ပြောပါတယ်။

အခုဖမ်းဆီးရတဲ့ ၂၅ဝ ကီလိုဂရမ် ရှိတဲ့ ဘိန်းဖြူတွေဟာ ကာလပေါက်စျေး ဒေါ်လာ ၁၉ သန်းဖိုးလောက် ရှိပြီး ကိုလံဘို မြို့တော်က ကုန်လှောင်ရုံ ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနဲ့ ဥရောပကို ပို့မယ့် ဘိန်းဖြူတွေကို အမဲဆီ သံပုံးတွေထဲမှာ ထည့်သွင်း ယူဆောင်လာတာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပါကစ္စတန် နိုင်ငံသား တယောက်နဲ့ သီရိလင်္ကာ အမျိုးသား သုံးယောက်ကို ဖမ်းထားတယ်လို့ ရဲက ပြောပါတယ်။