ဆီးရီးယားမှာ ပြည်ပက တိုက်ခိုက်မှုတွေ ရှိလာခဲ့ရင် အဆင်သင့် ရင်ဆိုင်သွားဖို့ တပ်လှန့်ထားလိုက်ပြီလို့ အစိုးရက ပြော

  • 31 ဩဂုတ် 2013

ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေးယူဖို့ ကိစ္စကို ကွန်ဂရက် လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူမယ်လို့ အမေရိကန် သမ္မတ အိုဘားမား က ကြေညာလိုက်ပါတယ်။

အမေရိကန်ရဲ့ တန်ခိုးအာဏာက စစ်ရေး အင်အား ကြီးထွားမှု အပေါ်မှာ မူတည်နေတာ မဟုတ်ဘဲ လူထုကို ကိုယ်စားပြုတဲ့ အစိုးရက လူထု အတွက် ရပ်တည် ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဆီးရီးယား အစိုးရဟာ ဒမားစကပ်စ်မြို့ ဆင်ခြေဖုံး အရပ်မှာ ဓါတု လက်နက်သုံး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ထပ်မံ စွပ်စွဲ ပြောကြားခဲ့ပြီး ဒါဟာ လူသားတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားမှု တရပ်ဘဲ ၊ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားကိုလည်း ပြင်းပြင်းထန်ထန် အန္တရယ်ပေး ခြိမ်းခြောက် နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ကိုးရက် အတွင်း ဒီကိစ္စကို အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

ဆီးရီးယားမှာ ပြည်ပက တိုက်ခိုက်မှုတွေ ရှိလာခဲ့ရင် အဆင်သင့် ရင်ဆိုင်သွားဖို့ တပ်လှန့်ထားလိုက်ပြီလို့ အစိုးရက ပြောပါတယ်။

ဘယ်လို စိန်ခေါ်မှုမျိုး အတွက်ကို မဆို အသင့်ပြင်ထားပြီး တပ်တွေက ပစ်ဖို့ အသင့်ဘဲလို့ ဝန်ကြီးချုပ် ဝိုင်းလ် ဟယ်လကီ က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆို သွားခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာရင် ပြန်တိုက်ဖို့ ဆီးရီးယား စစ်တပ်က လက်နက် ကိရိယာတွေကို အရပ်သားတွေ နေတဲ့ အရပ်တွေမှာ ပြောင်းရွေ့ ချထားနေတယ် ဆိုတဲ့ သတင်းတချို့လည်း ရရှိပါတယ်။

ဒါမားစကပ်စ် မြို့က ဘီဘီစီ သတင်းထောက် အပြောအရ ဒေသခံတွေက ရိက္ခာတွေ စုဆောင်းနေကြတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဆီးရီးယားမှာ ပြီးခဲ့တဲ့လ အစောပိုင်းတုန်းက အဆိပ်ဓါတ်ငွေ့တွေသုံး တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် စုံစမ်း အထောက်အထားယူဖို့ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ စစ်ဆေးရေး အရာရှိတွေဟာ အခုတော့ နယ်သာလန်မှာ ရောက်နေပြီလို့ သိရပါတယ်။

ဆီးရီးယား အစိုးရဟာ ဓါတုလက်နက်တွေ သုံးတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲ ပြောဆိုချက်တွေဟာ အဓိပ္ပါယ် မရှိဘူးလို့ ရုရှား သမ္မတ ဗလာဒီမြာ ပူတင်က အစောပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်မှာ အထောက်အထား တစုံတရာ ရှိရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြသင့်တယ်လို့ မစ္စတာ ပူတင်က ဆိုပါတယ်။

ဆီးရီးယားမှာ အစိုးရ တပ်တွေက သူပုန်တွေ အပေါ် အသာစီး ရနေချိန်မှာ နိုင်ငံတကာက ဝင်ပါလာနိုင်တဲ့ အခုလို လုပ်ရပ်မျိုး လုပ်တယ် ဆိုတာဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

ဆီးရီးယားကို စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ ကိစ္စအပေါ် ပြင်သစ်မှာ သဘောထား စစ်တမ်း ကောက်ယူရာမှာ လူအများက သဘောမတူ ခဲ့ကြပါဘူး။

Le Parisien-Aujourd'hui en France လာ ပါရီဆီးရန်း ၊ အိုဂျိုဒွီး အွန်ဖရွန့်စ် သတင်းစာ ရဲ့ စစ်တမ်း ကောက်ယူမှုမှာ ၆၄ ရာခိုင်နှုန်းက စစ်ကို ဆန့်ကျင်ခဲ့ကြပြီး ၅၈ ရာနှုန်းက သမ္မတ ဖရန်ဆွာ အိုလွန်းရဲ့ လုပ်ရပ် အပေါ် အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ၄ဝ ရာခိုင်နှုန်းက ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်မီးတောက်မှာကို စိုးရိမ်နေကြပါတယ်။

ဆီးရီးယား အစိုးရ အပေါ် စစ်ရေး အရ အရေးယူဖို့ ကိစ္စကို ဗြိတိန် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာမှာ အရေးနိမ့်သွားခဲ့ပြီးတဲ့နောက် ပြင်သစ်သာ အမေရိကန်ကို ကူတိုက်ပေးမယ့် တဦးတည်းသော အဓိက မဟာမိတ် ဖြစ်လာရတာပါ။