ဆီးရီးယားကို စွပ်စွဲချက် ရုရှားသမ္မတ ဝေဖန်

  • 31 ဩဂုတ် 2013
Image caption စစ်ရေးအရ ကြားဝင်မယ့် သူတွေကို နိုင်ဖဲ ပေးပြီး လှမ်းခေါ် တာမျိုး လုပ်ပါ့ မလား

ဆီးရီးယား အစိုးရ ကနေ စမာ့စကပ်စ် မြို့အနီး ဆင်ခြေဖုံးဘက် တိုက်ခိုက်မှု တခုမှာ ဓာတု လက်နက်တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ စွပ်စွဲ ချက်တွေဟာ လုံးဝ အဓိပ္ပါယ် မရှိဘူး ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီ မီယာ ပူတင်က ပြောကြားလိုက် ပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေ ကနေ သူပုန်တွေ အပေါ် အသာစီး ရနေတဲ့ အချိန်မှာ၊ အခုလို ဓာတု လက်နက်နဲ့ တိုက်ခိုက်တယ် ဆိုတာဟာ ရူးမိုက် လို့သာ ဖြစ်မယ် လို့ သူက ရုရှား မီဒီယာကို ပြောကြားသွား ပါတယ်။

အစိုးရ တပ်ဖွဲ့တွေက အခုလို အသာရ နေချိန်၊ စစ်ရေး အရ ကြားဝင်မယ့် သူတွေကို နိုင်ဖဲ ပေးပြီး လှမ်းခေါ် တာမျိုး လုပ်ပါ့ မလား ဆိုပြီး မစ္စတာ ပူတင်က ယုတ္တိ ရှိရှိ စဉ်းစားကြဖို့ ပြောကြားသွားပါတယ်။

တကယ်လို့ ဝါရှင်တန် အနေနဲ့ အထောက် အထား တစုံတခု ရှိတယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ သင့်တယ်လို့ မစ္စတာပူတင်က ပြောပါတယ်။

သမ္မတ အိုဘားမား ကတော့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေ အပေါ် အခြေပြုပြီး၊ ဆီးရီးယား အပေါ် စစ်ရေး အရ ရှေ့တိုး လုပ်ဆောင် မလား မလုပ်ဆောင်ဘူးလား ဆိုတာကို စဉ်းစား နေတယ်လို့ ပြောပါတယ်။

ကုလ စစ်ဆေးရေး အဖွဲ့

Image caption ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ၂ ပတ် အတွင်း အစီရင် ခံမယ်လို့ မျှော်လင့်ရ

အဆိပ်ငွေ့ ဓာတု လက်နက်တွေ နဲ့ တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ ပတ်သက်ပြီး စမာ့စကပ်စ်မှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေ ကြတဲ့ ကုလသမဂ္ဂ က စစ်ဆေး သူတွေဟာ ဆီးရီးယား ကနေ ပြန်လည် ထွက်ခွာ သွားကြပြီ ဖြစ်ပါတယ်။

စစ်ဆေးရေး အဖွဲ့ဟာ သူတို့ စုဆောင်း ရယူ ခဲ့တဲ့ နမူနာ ပစ္စည်းတွေကို ဓာတ်ခွဲ ခန်းမှာ စစ်ဆေးပြီးတဲ့ နောက် တွေ့ရှိချက် တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ၂ ပတ် အတွင်း အစီရင် ခံမယ်လို့ မျှော်လင့်ရ ပါတယ်။

ဒမာ့စကပ်စ် မှာတော့ အစိုးရ စစ်တပ်ဟာ အမေရိကန် ကနေ ဝင်တိုက် နိုင်တဲ့ အခြေ အနေကြောင့် စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို စာသင်ကျောင်းတွေ၊ ဗလီတွေ အပါ အဝင် အရပ်သားတွေ နေတဲ့ ဘက်ကို ရွှေ့ထား မှုတွေ ပြုလုပ် နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စမာ့စကပ်စ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ မြို့ခံတွေဟာ အစား အစာတွေကို စုစောင်း နေကြပြီး၊ အများ အပြား ကတော့ တိုင်းပြည် ကနေ ထွက်ခွာ သွားနေကြပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ