ဆီးရီးယားတိုက်ခိုက်မှု ပြင်သစ် အစီရင်ခံစာထုတ်

  • 3 စက်တင်ဘာ 2013
Image caption ဓါတုပစ္စည်းသုံး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ပြင်သစ် အစိုးရ အစီရင်ခံစာ

ပြီးခဲ့တဲ့ လတုန်းက ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့ ဆင်ခြေဖုံး အရပ်မှာ အစိုးရက ဓါတုပစ္စည်းတွေ အများအပြား သုံးစွဲ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သူတို့ စုံစမ်း ထောက်လှမ်းထားတဲ့ အစီရင်ခံ တရပ်ကို ပြင်သစ် အစိုးရ ထုတ်ပြန်လိုက်ပါတယ်။

အခင်းဖြစ်တဲ့ နေရာက ဒုံးကျည်တွေကို ကျွမ်းကျင်သူတွေက စစ်ဆေးကြည့်တဲ့အခါ ဓါတု ပစ္စည်းတွေ သုံးထားကြောင်း တွေ့ရတယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့တုန်း ဆီးရီးယား အစိုးရရဲ့ တိုက်ခိုက်မှု အပေါ် အခြေခံပြီး ပြင်သစ် အစိုးရက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ အစိုးရက ဓါတုပစ္စည်းသုံး တိုက်ခိုက်ခဲ့တဲ့ နေရာကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ နောက်ကျမှ ရောက်လာအောင် အချိန်ဆွဲ ထားခဲ့ပြီး အထောက်အထားတွေ ဖျောက်ပစ်ဖို့ အခင်းဖြစ်ခဲ့တဲ့ ဒေသကို အစိုးရက ဗုံးကြဲခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆီးရီးယားမှာ သမ္မတ အာဆတ်ရဲ့ အုပ်ချုပ်မှုကို ပြောင်းသင့်ပြီလို့လည်း အဲဒီ အစီရင်ခံစာမှာ ရေးသားတားပါတယ်။

ဒီအစီရင်ခံစာကို ပါလီမန် အမတ်တွေဆီ ဝန်ကြီးချုပ် ရှမာခေရိုး က တင်ပြခဲ့ပြီး ဆီးရီးယား အစိုးရက ဓါတုလက်နက်သုံး တိုက်ခိုက်ခဲ့မှု အပေါ် ပြင်သစ် အစိုးရ အနေနဲ့ အရေးမယူဘဲနဲ့ နေလို့ မရတော့တဲ့ အနေအထား ဖြစ်နေပြီလို့ သူက ထပ်လောင်း အတည်ပြု ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆီးရီးယားက အကြမ်းဖက်မှုတွေဟာ တိုင်းပြည်မှာ လူမျိုးတုံး သတ်ဖြတ်တဲ့ အခြေအနေ ထိရောက်အောင် တွန်းပို့ပေးနေတယ်လို့ ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအရာရှိ က ပြောပါတယ်။

ဆွန်နီ ၊ အယ်လ်ဝိုက် ဒါမှမဟုတ် ခရစ်ယာန် ဘာသာရေး အဖွဲ့အလိုက် ရွာတွေက လူတွေဟာ အကြီးအကျယ် လှုပ်ရှားမှုတွေ လုပ်နေကြပြီး ဂိုဏ်းဂဏ္ဍစွဲ ဝါဒ ပြင်းထန်လာတာ ကလည်း ကြောက်မက်ဖွယ် ကောင်းတယ်လို့ ဘီဘီစီကို Mokhtar Lamani က ဆိုပါတယ်။

သမ္မတ အာဆတ်ရဲ့ လူနည်းစု အယ်လ်ဝိုက် အုပ်စုဟာ အများဆုံး အန္တရာယ်ပေး ခြိမ်းခြောက်ခံ နေရပြီး ခရစ်ယာန်တွေကလည်း ပစ်မှတ်ထား ခံရတဲ့ အထဲမှာ ပါတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကတော့ အနောက်နိုင်ငံတွေက သူတို့ကို တိုက်ခိုက်လာရင် ဒေသတွင်းမှာ စစ်မီးရှို့လိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ပြင်သစ် သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ သတိပေးလိုက်ပါတယ်။

ပြင်သစ်အနေနဲ့ အခုလို စစ်ရေး အရ အရေးယူမှုတွေမှာ ဝင်ပါခဲ့ရင် ဂယက်ရိုတ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

Image caption ဆီးနိတ် လွှတ်တော် အမတ် ဂျွန်မက်ကိန်း

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ကို ဦးဆောင် အားပေးကြတဲ့ ဆီးနိတ်အမတ်တွေ ဖြစ်တဲ့ John McCain နဲ့ Lindsey Graham တို့ဟာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ အနေနဲ့ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြောပြီးတဲ့ ကိစ္စကို ကွန်ဂရက်လွှတ်တော်က ပယ်ချခဲ့ရင် အမေရိကန် အပေါ် လူအများယုံကြည် လေးစားမှု အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်လို့ လာမယ့် သီတင်းပတ်မှာ ကွန်ဂရက်မှာ ဒီကိစ္စကို ဆွေးနွေးမှု မလုပ်ခင် ဆီးနိတ်အမတ် မက်ကိန်းက ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ