ဆီးရီးယား ဓာတုတိုက်ခိုက်မှု အထောက် အထားတွေ့ပြီ

  • 1 စက်တင်ဘာ 2013
Image caption ဆီးရီးယား အပေါ် ကျူးကျော်မှုဟာ အီရန် ကိုပါ ရန်စ စော်ကား လိုက်တာ ဖြစ်လိမ့် မယ်

ဆီးရီးယား နိုင်ငံ ဒမာ့စကပ်စ်မြို့ အနီး ပြီးခဲ့တဲ့ လက ဖြစ်ပွား ခဲ့တဲ့ တိုက်ခိုက် မှုမှာ Sarin အဆိပ် ဓာတ်ငွေ့တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ ခိုင်မာ တဲ့ အထောက် အထားတွေ တွေ့ရပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရုပ်သံ ကနေ ပြောကြားသွား ပါတယ်။

တိုက်ခိုက်မှု အပြီး အဲဒီ နေရာ ကနေ ရရှိတဲ့ သွေးနဲ့ ဆံပင် စတွေကို စစ်ဆေးရာမှာ Sarin အဆိပ်သင့် တာကို တွေ့ရှိ ရတာ ဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ပြောပါ တယ်။

ဆီးရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဖိုင်ဇယ် မက်ခ်ဒက် ကတော့ ဆီးရီးယား အပေါ် စစ်ရေး အရ တိုက်ခိုက်ဖို့ အမေရိကန် ကွန်ဂရက်ရဲ့ မဲခွဲ ဆုံးဖြတ် ချက် ရယူမယ် ဆိုတာဟာ သမ္မတ အိုဘားမား အနေနဲ့ ဒီကိစ္စ အပေါ် ချီတုံ ချတုံနဲ့ ရှုပ်ထွေး မှုတွေ ဖြစ်နေတယ် ဆိုတာကို ဖေါ်ပြ လိုက်တာ ဖြစ်တယ် လို့ ဆီးရီးယားက ထုတ်ဖေါ် ပြောကြား လိုက် ပါတယ်။

အမေရိကန် တို့ရဲ့ ဆီးရီးယား အပေါ် ဘယ်လို ကျူးကျော်မှု မျိုးမဆို ဒါဟာ အီရန် ကိုပါ ရန်စ စော်ကား လိုက်တာ ဖြစ်လိမ့် မယ်လို့ သူက ဆက်ပြော ပါတယ်။

ဆီးရီးယား အစိုးရ သတင်းစာ တစောင်မှာ ဖေါ်ပြထားတာ ကတော့၊ မစ္စတာ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်တွေ ကျရှုံးဖို့ အတွက် အစ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ် ကတော့ အမေရိကန် ကွန်ဂရက်ရဲ့ မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင် ဆီးရီးယားကို တိုက်ခိုက် မှုတွေ လုပ်သေးမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။ အမေရိကန် ကွန်ဂရက် ဟာ တပတ်ကျော် အချိန် အတွင်း မဲပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အာရပ် နိုင်ငံ တွေက နိုင်ငံခြားရေး ဝန်ကြီးတွေ ဟာလည်း ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထား ရပ်တည် ချက်တွေ အတွက် ဆွေးနွေး ကြဖို့ ကိုင်ရိုမှာ တွေ့ဆုံ ကြဖို့ ရှိနေ ပါတယ်။

ဆီးရီးယားမှာ ပြီးခဲ့တဲ့ လက သံသယ ဖြစ်ဖွယ် ဓာတု လက်နက် တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရက ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ အာရပ် နိုင်ငံများ အဖွဲ့ချုပ်က စွပ်စွဲ လိုက်ပါတယ်။

ဒါပေမယ့်လို့ စစ်ရေး အရ ကြားဝင် ဆောင်ရွက်ရေး အတွက် ပွင့်ပွင့် လင်းလင်း ထောက်ခံတဲ့ နိုင်ငံ ကတော့ အာရပ် အဖွဲ့ချုပ် ထဲမှာ အခု အချိန် အထိ ထွက်မလာ သေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ