ဓါတုလက်နက် သုံးမှု ခိုင်လုံတဲ့ အထောက်အထား အမေရိကန် ရပြီ

  • 2 စက်တင်ဘာ 2013
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး Saud al-Faisal

ပြီးခဲ့တဲ့ လတုန်းက ဆီးရီးယားနိုင်ငံ ဒမားစကပ်မြို့နားမှာ အရပ်သားတွေ ရာထောင်ချီ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာ အာရုံကြော ထိခိုက်စေတဲ့ ဆာရင် အဆိပ်ငွေ့သုံးခဲ့တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရထားပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

ဓါတုအဆိပ်သုံး တိုက်ခဲ့တဲ့ သဲလွန်စတွေ့ရတဲ့ ဆံပင်နဲ့ သွေး နံမူနာတွေကို တိုက်ခိုက်မှု ဖြစ်ခဲ့တုန်းက ဆေးကုသပေးခဲ့တဲ့ အရေးပေါ် ကျန်းမာရေး ဝန်ထမ်းတွေ ဆီက ရထားပြီလို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

အခုလို တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယား အစိုးရအပေါ် စစ်ရေး အရ အရေးယူဖို့ သမ္မတ အိုဘားမားရဲ့ ပန်ကြားချက်ကို လာမယ့် သီတင်းပတ်မှာ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါ ထောက်ခံမှု ရလိမ့်မယ်လို့ သူယုံကြည်ကြောင်း မစ္စတာ ကယ်ရီက ဆိုပါတယ်။

ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ် ကတော့ ပြည်ပက ကျူးကျော်မှုတွေကို ပြန်တိုက်ဖို့ အသင့်ဘဲလို့ ပြောပါတယ်။

ဆီးရီးယား နိုင်ငံကို ဟန့်တား အရေးယူမှုတွေ လုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အာရပ် အဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုဟာ ဆီးရီးယား အစိုးရ လက်ချက် ဖြစ်တယ်လို့ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အာရပ် အဖွဲ့ချုပ်က ထပ်မံ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အဲဒီ အစည်းအဝေးမှာ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး Saud al-Faisal ကလည်း ဆီးရီးယား အစိုးရကို စစ်ရေး အရ အရေးယူဖို့ ဆန့်ကျင်တာဟာ သူ့အဆိုအရ ရာဇဝတ်မှု ကျူးလွန်အောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဂျော်ဒန် အစိုးရကတော့ အဲဒီလို စစ်ရေး အရ အရေးယူမှုမှာ သူတို့ပူးပေါင်း ပါဝင်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။