အွန်လိုင်း ထိန်းချုပ်မှု ဗီယက်နမ် စတင်

  • 2 စက်တင်ဘာ 2013
vietnam internet
Image caption ဗီယက်နမ် အင်တာနက် သုံးစွဲသူ သန်း ၃၀ ကျော်ရှိ

အင်တာနက် အသုံးပြုသူတွေ အနေနဲ့ အွန်လိုင်းပေါ်မှာ လက်ရှိ နိုင်ငံရေးရာတွေ ဆွေးနွေးတာကို တားမြစ်တဲ့ ဥပဒေ ဗီယက်နမ် နိုင်ငံမှာ စတင် ကျင့်သုံးလိုက်ပါပြီ။ ဒီဥပဒေသစ်က တစ်ပါတီ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ အစိုးရ အာဏာပိုင်တွေက အွန်လိုင်း မီဒီယာနဲ့ သတင်း လွတ်လပ်ခွင့်ကို အကြီးအကျယ် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

Decree 72 လို့ ခေါ်တဲ့ ဒီဥပဒေမှာ အွန်လိုင်းပေါ်က ဘလော့တွေ၊ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းနဲ့ဆိုင်တဲ့ အကြောင်း အရာတွေ၊ ဆောင်းပါးတွေကို ရေးသားဖော်ပြတာ၊ မျှဝေတာတွေ လုပ်ခွင့်မရှိဘဲ လူမှုရေး၊ ပုဂ္ဂိုလ်ရေးရာတွေကိုသာ ဖော်ပြခွင့် ရှိတယ်လို့ သိရပါတယ်။

အဲဒီ ဥပဒေမှာ ပြည်ပ အင်တာနက် ကုမ္ပဏီတွေ အနေနဲ့လည်း သူတို့ရဲ့ ဆာဗာ တွေကို ဗီယက်နမ် နိုင်ငံ အတွင်းမှာပဲ ထားရှိရမယ်လို့ ဆိုပါတယ်။

ဒီလို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေကို အင်တာနက် ကုမ္ပဏီတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေသာမက အမေရိကန် အစိုးရကလည်း ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

ဗီယက်နမ် နိုင်ငံမှာ အခုနှစ် အတွင်း ဘလော့ဂါတွေ အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ တွေ ဒါဇင်နဲ့ ချီပြီး ပြစ်ဒါဏ်တွေ ချမှတ် ခံခဲ့ ကြရ ပါတယ်။

အခု ဥပဒေသစ်ထဲမှာ တွစ်တာနဲ့ ဖေ့စ်ဘွတ်တို့လို လူမှုကွန်ရက် စာမျက်နှာတွေမှာ လူမှုရေး၊ ပုဂ္ဂိုလ်ရေးနဲ့သာ သက်ဆိုင်တဲ့ အချက် အလက်တွေကိုပဲ ဖလှယ်င်ကြရမယ်လို့ တိတိကျကျ ဖော်ပြထားပါတယ်။

ဗီယက်နမ် အစိုးရကို ဆန့်ကျင်တဲ့ ဒါမှမဟုတ် နိုင်ငံရဲ့ လုံခြုံရေးကို ထိပါး စေတဲ့ ရေးသား ဖြန့်ဝေမှုတွေကို အွန်လိုင်းမှာ ပြုလုပ်ခွင့်ကို လုံးဝ တားမြစ်ထားပါတယ်။

ဟနွိုင်း မြို့တော်မှာ ရှိတဲ့ အမေရိကန် သံရုံးက ပြောဆိုရာမှာ လူတိုင်းဟာ အွန်လိုင်းမှာပဲ ဖြစ်ဖြစ် Offline မှာပဲ ဖြစ်ဖြစ် အခြေခံ လွတ်လပ်ခွင့် တွေရှိသင့်ကြောင်းနဲ့ အခု ဥပဒေသစ်ပါ ပြဌာန်းချက်တွေကို အလွန်အမင်း စိုးရိမ်ကြောင်း ပြီးခဲ့တဲ့လက ပြောပါတယ်။

ပြင်သစ် နိုင်ငံ အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကတော့ အခုဥပဒေသစ်က အင်တာနက်ပေါ်က ဘလော့တွေ၊ ဆွေးနွေးမှုတွေမှာ သာမန်အားဖြင့် သတင်းအချက်အလက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြီး ပွင့်ပွင့်လင်းလင်း သတင်းမျှဝေ ခွင့်ကို ဗီယက်နမ် နိုင်ငံသားတွေ အပြီးအပိုင် ဆုံးရှုံးသွားမှာ ပဲလို့ ပြောပါတယ်။

ဒါ့အပြင် Google နဲ့ Facebook တို့လို ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ The Asia Internet Coalition အဖွဲ့ ကလည်း ဗီယက်နမ် အစိုးရရဲ့ အခု လုပ်ဆောင်မှုဟာ စီးပွားရေး ကမ္ပဏီကြီးတွေ ဗီယက်နမ် နိုင်ငံထဲကို လာရောက်ပြီး လုပ်ငန်းတွေ ဆောင်ရွက်မှုကို တုန့်ဆိုင်း သွားစေနိုင်တယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။