မိန်းကလေးတွေကို ပြန်ပေးဆွဲ သားမယား ပြုကျင့်ခဲ့သူ အဆုံးစီရင်သွား

  • 5 စက်တင်ဘာ 2013
Image caption ထောင်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ Ariel Castro

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အမျိုးသမီးငယ် သုံးယောက်ကို ပြန်ပေးဆွဲခဲ့ပြီး ဆယ်စုနှစ် တခုနီးပါး သားမယား ပြုကျင့်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အိုဟိုင်းရိုး ပြည်နယ်က Ariel Castro အေရီရယ် ကတ်စရို ဆိုသူဟာ ထောင်ထဲမှာ အိပ်ရာခင်းစကို သုံးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သေမှုသေခင်း အရာရှိတယောက်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သူ့ဟာ လွန်ခဲ့တဲ့ တလတုန်းကမှ သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

မစ္စတာ ကတ်စရိုကို ထောင်ထဲမှာ အစောင့်အရှောက်နဲ့ ထားတာ ဖြစ်ပြီး နာရီဝက် တခါ စစ်ဆေးနေတာ ဖြစ်ပေမယ့် အမြဲမပြတ် ကြည့်ရှု နေတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

သူ့ကို စိတ်ရောဂါ ဆရာဝန်နဲ့ ကုသခွင့် ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ငြင်းပယ်ခဲ့တယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

သူဖမ်းဆီး ပြန်ပေးဆွဲထားတဲ့ အမျိုးသမီးတွေထဲက တယောက်က ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်နားက လူတွေကို အကူအညီတောင်းမှုကြောင့် သူ့ကို ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။