ပူတင်ရဲ့ ဆီးရီးယားအပေါ် သဘောထား မရေရာ

  • 4 စက်တင်ဘာ 2013
Image caption ကုလက အတည်မပြုဘဲ ကိုယ့်သဘောနဲ့ကိုယ် ဝင်တိုက်ခဲ့ရင် ကျူးကျော်ရန်စတာပဲ ဖြစ်လိမ့်မယ်

ဆီးရီးယား အစိုးက သူ့လူထုအပေါ် ဓာတု လက်နက်တွေနဲ့ တကယ်ပဲ တိုက်ခိုက်ခဲ့တယ် ဆိုတာကို သက်သေထူနိုင်ခဲ့လို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရင် သူ့အနေနဲ့ ထောက်ခံမလား မထောက်ခံဘူးလား ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ရုရှားသမ္မတ ဗလာ ဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

စိန့်ပီတာစဘတ် မြို့မှာ ဒီအပတ် ကျင်းပဖို့ရှိတဲ့ စက်မှုအင်အားကြီး နိုင်ငံ ၂၀ ရဲ့ ဂျီတွမ်တိ ထိပ်သီးအစည်းအဝေး မတိုင်ခင် မစ္စတာ ပူတင်က အင်တာဗျူးတစ်ခုမှာ အခုလို သူ့သဘောထားကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်အထိတော့ ရုရှားဟာ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှာကို ဆန့်ကျင်နေတုန်း ဖြစ်ပါတယ်။

ဒါပေမယ့် အခု ပြောကြားချက်တွေဟာ တစ်နည်းနည်းနဲ့ သမ္မတ အာဆတ်ကို ထောက်ခံမယ့်ပုံမျိုး ဖြစ်နေမှာကိုတော့ မစ္စတာ ပူတင်က စိုးရိမ်နေပုံ ရတယ်လို့ မော်စကိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထောက်ခံအတည်ပြုချက် မပါပဲ ဆီးရီးယားကို ကိုယ့်သဘောနဲ့ကိုယ် ဝင်တိုက်မယ်ဆိုရင်တော့ ဒါဟာ ကျူးကျော်ရန်စတာပဲ ဖြစ်လိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်နဲ့ မဟာမိတ်တွေကို အစောပိုင်းက ပြောကြားထားခဲ့ပါတယ်။