ခိုလှုံခွင့် ငြင်းပယ်ခံရတဲ့ တမီးလ်တွေကို ပြန်ပို့တာ ဆွစ်အစိုးရ ရပ်ဆိုင်းထားမယ်

  • 4 စက်တင်ဘာ 2013
Image caption သီရိလင်္ကာ နိုင်ငံက တမီးလ် လူမျိုးတွေ

ဆွစ်ဇာလန်မှာ ခိုလှုံခွင့် တောင်းခံပြီး ငြင်းပယ်ခံရတဲ့ သီရိလင်္ကာ နိုင်ငံသား တမီးလ်တွေကို ပြန်ပို့တဲ့ ကိစ္စကို ရပ်ဆိုင်းထားမယ်လို့ ဆွစ်ဇာလန် အစိုးရက ပြောပါတယ်။

ခိုလှုံခွင့် ငြင်းပယ်ခံရတဲ့ တမီးလ် လူမျိုးနှစ်ယောက် ပြည်တော်ပြန်သွားတဲ့ အခါ သီရိလင်္ကာ လုံခြုံရေး တပ်ဖွဲ့တွေက တမီးလ် သူပုန်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောတာကြောင့် ဆွစ်အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ခိုလှုံခွင့် ပယ်ချခံရလို့ ပြည်တော်ပြန်ရရင် ဘယ်လို အန္တရယ်မျိုးတွေ ရင်ဆိုင်ရနိုင်သလဲ ဆိုတာကို အသေးစိတ် စုံစမ်း စစ်ဆေးချက် ထွက်ပေါ်လာရင် အခု ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်မယ်လို့ ဆွစ် အရာရှိ တယောက်က ပြောပါတယ်။

၂ဝဝ၉ ခုနှစ်က ပြီးဆုံးသွားတဲ့ သီရိလင်္ကာ ပြည်တွင်းစစ် နှစ်သုံးဆယ် နီးပါး အတွင်း တမီးလ် လူမျိုးတွေ နိုင်ငံတွင်းကနေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ ကြတာ ဖြစ်ပါတယ်။