ရုရှားဟာ ကုလသမဂ္ဂ ကို ဓါးစားခံ လုပ်နေတယ်လို့ အမေရိကန် ပြော

  • 6 စက်တင်ဘာ 2013
Image caption ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် Samantha Power

ရုရှားဟာ ကုလသမဂ္ဂလို ကမ္ဘာ အဖွဲ့အစည်းကို ဓါးစာခံ အဖြစ် အသုံးချပြီး ဆီးရီးယားက ဓါတုလက်နက်သုံးမှုတွေ အပေါ် အရေးယူဖို့ အစီအစဉ်ကို ပိတ်ဆို့ တားဆီးထားတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်တဲ့ အဆိုပြုလွှာ မူကြမ်းကို လုံခြုံရေး ကောင်စီမှာ အတည်ပြုလို့ မရအောင် ရုရှားက လုပ်ခဲ့တဲ့ အတွက် ဒီကိစ္စဟာ ရှေ့ဆက် တိုးလို့ မရ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ ရုရှား သမ္မတ ပူတင် အပါအဝင် ကမ္ဘာခေါင်းဆောင်တွေ ဟာ စိန့်ပီတာ စဘတ်မြို့မှာ ကျင်းပနေတဲ့ G20 ညီလာခံ ညစာစားပွဲမှာ ဆီးရီးယား ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

ညစာစားပွဲ အပြီးမှာ အီတလီ ဝန်ကြီးချုပ် အန်ရီကို လက်တာ ရဲ့ တွတ်တာ လူမှုကွန်ယက် စာမျက်မှာ ပေါ်က ရေးသားချက်အရ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောကွဲလွဲမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဆီးရီးယား လွှတ်တော် ဥက္ကဌကလည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာ ဆီ စာရေးပြီး အမေရိကန် ကွန်ဂရက် က အမျိုးသား ၊ အမျိုးသမီး အမတ်တွေ အနေနဲ့ တာဝန်မဲ့ပြီး ဆင်ခြင်မှု မရှိတဲ့ အရေးယူမှုတွေကို အစောတလျင် မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဘီဘီစီရဲ့ စစ်တမ်းကောက်ယူချက်အရ ဆီးရီးယား အပေါ် စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို အောက်လွှတ်တော်မှာ အမတ် တဝက်နီးပါးက ဆန့်ကျင်ကြပြီး အမတ်တော်တော်များများကတော့ မဆုံးဖြတ်ရသေးဘူးလို့ ပြောကြောင်း သိရပါတယ်။

Image caption အမေရိကန် ဆီးနိတ် အမတ် Harry Reid

တချိန်တည်းမှာ ဆီးနိတ် အမတ်အများစုရဲ့ ခေါင်းဆောင် Harry Reid ဟယ်ရီ ရိဒ် ကလည်း လာမယ့် သီတင်းပတ်မှာ ဆီးရီးယား အရေးကို အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုတဲ့အခါ သတိရှိစွာနဲ့ အပြုသဘောဖက်က စောင့်ကြည့် နေမယ်လို့ ပြောပါတယ်။

တခါ ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့ အနောက်ပိုင်းမှာ ကားဗုံးထောင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူလေးယောက် သေဆုံးသွားပြီး ခြောက်ယောက် ဒဏ်ရသွားပါတယ်။

သူတို့ရဲ့ သုတေသန ဌာန တခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ သတင်းအေဂျင်စီ ဆာနာက ပြောပါတယ်။

ဒမားစကပ်စ် မြို့တော်မှာ လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ ရုန်းရင်း ဆန်ခတ်တွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Image caption ဗိုလ်ချုပ်ကြီး Ali Habib ကို သမ္မတ အာဆတ်နဲ့ အတူ တွေ့ရပုံ

တချိန်တည်းမှာ သမ္မတ ဘတ်ရှားအယ် အာဆတ်ရဲ့ အယ်လ်ဝိုက် မွတ်ဆလင် အုပ်စုထဲက ထင်ရှားတဲ့ သူ တယောက်ဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း လည်း ဘက်ပြောင်းသွားပြီးတဲ့နောက် တူရကီကို ရောက်လာတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

၂ဝ၁၁ ခုနှစ်တုန်းက အနားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး အလီ ဟာဘိဘ် အိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး အနောက်အုပ်စုဝင် အဖွဲ့တွေရဲ့ အကူအညီနဲ့ တိုင်းပြည်ထဲက ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းက ဒီဗိုလ်ချုပ်ကြီး ဘက်ပြောင်းသွားတယ် ဆိုတဲ့ ကနဦး သတင်းတွေကို ဆီးရီးယား အစိုးရက ငြင်းဆိုထားခဲ့ပါတယ်။