နိုင်ငံတကာ ပါဝင်မှု အိုဘားမား ဖိတ်ခေါ်

  • 4 စက်တင်ဘာ 2013
obama in sweden
Image caption အခုလို ရက်စက်ရိုင်းစိုင်းမှုတွေအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ပိုက်ကြည့်မနေနိုင်

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမေရိကန် ကွန်ဂရက်အပေါ် ယုံကြည်နိုင်မှုဟာ ဆီးရီးယားရဲ့ ဓာတုလက်နက်တိုက်ခိုက်မှုတွေကို ဘယ်လို့ တုံ့ပြန်ဆောင်ရွက်မလဲ ဆိုတဲ့အပေါ် မူတည်နေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ဆီးရီးယားက ဓာတုလက်နက် အသုံးပြုနေတာတွေကို တုံ့ပြန် အရေးယူဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အနာဂတ် မှာ အခုလို အလားတူ တိုက်ခိုက်မှုမျိုးတွေ ထပ်မံ ဖြစ်ပွားလာလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားက ထပ်မံ သတိပေး ပြောကြားလိုက်ပါတယ်။

စီးပွားရေး အင်အားကြီး ထိပ်သီးနိုင်ငံ ၂၀ ဂျီးတွမ်တိ ထိပ်သီးအစည်းအဝေးကို မတက်ရောက်ခင် ဆွီဒင် နိုင်ငံမှာ ဆွီဒင် ဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့တော့ ဆီးရီးယားက ဓာတုလက်နက် တိုက်ခိုက်မှုတွေကို ဆီးရီးယား အစိုးရက လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ကြောင်း၊ ဆီးရီးယား အစိုးရရဲ့ အခုလို ရက်စက်ရိုင်းစိုင်းမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ပိုက်ကြည့်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

နောက်ပြီး အခုလို ဓာတု လက်နက် တိုက်ခိုက်မှုမျိုး ထပ်မဖြစ်ရအောင် ဝါရှင်တန်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူပေါင်းပြီးတော့ ကာကွယ် တားဆီးချင်ပါတယ် လို့လည်း သူက ထပ်လောင်း ပြောကြားသွားပါတယ်။