ဆီးရီးယားကို အရေးယူဖို့ အိုဘားမား အစီအစဉ် အတိုက်အခံရဲ့ ထောက်ခံမှုရ

  • 4 စက်တင်ဘာ 2013
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ၊ မငြင်းနိုင်တဲ့ ကိစ္စတခု ဖြစ်တဲ့ ၊ ပြည်သူတွေ အပေါ် ဓါတုပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ သမ္မတ အာဆတ်ကို ၊ တုန့်ပြန် အရေးယူဖို့ မပျက်ကွက်သင့်ဘူးလို့ ၊ ဆီးနိတ် အမတ်တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က သတိပေးလိုက်ပါတယ်။

လာမယ့် သီတင်းပတ်မှာ ကွန်ဂရက် လွှတ်တော်မှာ ဆွေးနွေးမှု မလုပ်ခင် မစ္စတာ ကယ်ရီက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စကို အတူတကွ ရပ်တည် လုပ်ဆောင်တာဟာ နျူကလီးယား လက်နက် အပါအဝင် လူအစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတဲ့ တခြား အာဏာရှင်တွေကိုလည်း သတိပေး လိုက်တာဘဲလို့ သူက ပြောပါတယ်။

နျူကလီးယား လက်နက် အကြောင်း ထည့်သွင်းပြောဆို သွားတာ ကတော့ အီရန်ကို ရည်ညွန်းတာ ဖြစ်ပါတယ်။

ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ ကိစ္စဟာ ထိရောက်မှု ရှိဖို့ လိုတယ်လို့ အမေရိကန် စစ်တပ်က ယူဆ ထင်မှတ်နေချိန်မှာ အမေရိကန်နဲ့ အတူဝင်တိုက်ပေးဖို့ အသင့်ပြင်ထားတဲ့ မိတ်ဖက် နိုင်ငံတွေ တော်တော်များများ ရှိထားပြီးသား ဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ဆီးနိတ် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။

Image caption အောက်လွှတ်တော် ဥက္ကဌ John Boehner

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ဘားရက်ခ် အိုဘားမားရဲ့ ပန်ကြားချက်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာက ထောက်ခံ ပြောကြားလိုက်တာကြောင့် သမ္မတ အတွက် ထူးထူးခြားခြားထောက်ခံမှု ရသွားတာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ ဆီးရီးယား ခေါင်းဆောင်တွေကို ဓါတုလက်နက်သုံးရင် သည်းခံမှာ မဟုတ်ဘူး ဆိုတာ သတိပေးရမယ်လို့ မစ္စတာ ဘေနာက ပြောပါတယ်။

ဝါရှင်တန်မှာ ရှိတဲ့ အမေရိကန် အစ္စရေး ဆိုင်ရာ လူထုရေးရာ ကော်မတီ ကလည်း ဆီးရီးယားကို စစ်ရေး အရ အရေးယူဖို့ ကိစ္စကို ကွန်ဂရက် လွှတ်တော်က ထောက်ခံပေးဖို့ တိုက်တွန်း လိုက်ပါတယ်။

Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ဆီးရီးယားမှာ အစိုးရက ဓါတုလက်နက်သုံးတယ် ဆိုတာ သက်သေပြနိုင်ရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ညီညီညွတ်ညွတ်နဲ့ အရေးယူဖို့ တာဝန်ရှိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဒါပေမယ့် လက်နက် အင်အားသုံးပြီး အရေးယူမယ် ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် ဒါမှမဟုတ် လုံခြုံရေး ကောင်စီရဲ့ အတည်ပြုချက် ရယူဖို့ လိုတယ်လို့ မစ္စတာ ဘန်က ပြောပါတယ်။

ဆီးရီးယားမှာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်သွားအောင် အရေးယူ ဆောင်ရွက်ရာမှာ အဲဒီရဲ့ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဆိုပါတယ်။

သမ္မတ အာဆတ်ကို အရေးယူဖို့ အဆိုပြုချက်တွေကို တင်ပြတဲ့ အခါ ရုရှားနဲ့ တရုတ်တို့က အမြဲတမ်း ပိတ်ဆို့ ပယ်ချခဲ့တာကြောင့် လုံခြုံရေးကောင်စီမှာ ဆီးရီးယား ပဋိပက္ခနဲ့ ပတ်သက်လို့ တချိန်လုံး သဘောကွဲခဲ့ကြတာ ဖြစ်ပါတယ်။