ဆီးရီးယားမှာ အမေရိကန် မြေပြင်တပ်တွေ ခြေချမှာ မဟုတ်ဘူးလို့ အိုဘားမား ပြောကြား

  • 11 စက်တင်ဘာ 2013
Image caption ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ တိုင်းပြည်ကို မိန့်ခွန်းပြောတဲ့ သမ္မတ အိုဘားမား

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံတဝှမ်းကို ရုပ်မြင်သံကြား ကနေ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

သံတမန်ရေး အရ ကြိုးပမ်းမှုတွေမှာ သဘောကွဲလွဲမှုတွေ ပေါ်ပေါက် လာခဲ့ပြီးတဲ့နောက် အခုလို သမ္မတ အိုဘားမား မိန့်ခွန်းပြောတဲ့ အစီအစဉ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဆီးရီးယားမှာ ဓါတုပစ္စည်းသုံး တိုက်ခိုက်မှုတွေကြောင့် လူတထောင်ကျော် သေဆုံးခဲ့ရတဲ့ ကိစ္စ အပေါ် အစိုးရမှာ တာဝန်ရှိတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီလက်နက်တွေကို ဖျက်ဆီး ပစ်ဖို့ ဆီးရီးယားကို စည်းရုံးမယ် ဆိုတဲ့ ရုရှားရဲ့ အဆိုပြုချက်ကို အမေရိကန်က အတူတကွ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

တကယ်လို့ သံတမန်ရေး အရ မအောင်မြင်မှု မရှိခဲ့ရင် စစ်ရေးအရ ခြိမ်းခြောက်မှုကို ဆက်လက် ဆုပ်ကိုင်ထားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ပြည်တွင်းစစ်ကို အင်အားသုံး ဖြေရှင်းတာဟာ မအောင်မြင်ဘူးလို့ သူသိတဲ့ အတွက် ဆီးရီးယားကို အရေးယူဖို့ ကိစ္စ တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့် သူ့အနေနဲ့ ကာလအတော်ကြာ တင်းခံထားခဲ့တာ ဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သြဂတ်လ ၂၁ ရက်နေ့တုန်းက ဒမားစကပ် မြို့ ဆင်ခြေဖုံး အရပ်မှာ ဓါတု လက်နက်သုံး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ လက်ခံ ယူဆချက်တွေကို ပြောင်းပစ်ရတော့မယ့် အခြေအနေ ရောက်လာခဲ့ပြီလို့ ပြောပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ရုရှားရဲ့ အဆိုပြုချက်ကို ကြိုဆိုပေမယ့် ဒီကိစ္စဟာ အောင်မြင်မှု ရှိပါ့မလား ဆိုတာ ပြောဖို့ စောသေးတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဘယ်သဘောတူညီချက် မဆို ချမှတ်မယ် ဆိုရင် အာဆတ် အစိုးရ အဖွဲ့က ပြောထားတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်မယ် ဆိုတဲ့ စစ်ဆေး အတည်ပြုချက်တွေ လိုတယ် ၊ အင်အားသုံးမှု မပါဘဲ ဓါတု လက်နက်တွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှား နိုင်ရမယ်လို့ သမ္မတ အိုဘားမား မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဆီးရီးယားက ဓါတု လက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ထားဖို့ ရုရှားရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ အချိန်ပိုင်းအလိုမှာ ဒီအစည်းအဝေးကို ဖျက်သိမ်း လိုက်ပါတယ်။

ဓါတုလက်နက်တွေ သိုလှောင်ထားတာနဲ့ ပတ်သက်လို့ တောင်းဆိုတဲ့ အတိုင်း မလိုက်နာဘူး ဆိုရင် ဆီးရီးယားကို စစ်ရေးအရ အရေးယူမယ့် အဆို မူကြမ်းကို အမေရိကန် ၊ ပြင်သစ်နဲ့ ဗြိတိန် တို့က ရေးဆွဲ နေပြီလို့ သိရပါတယ်။

ဒါပေမယ့် အင်အားသုံး အရေးယူမယ့် ၊ ဘယ်လို ခြိမ်းခြောက်မှုမျိုးကို မဆို လက်မခံဘူး ဆိုပြီး ရုရှား သမ္မတ ပူတင်က ပယ်ချလိုက်ပါတယ်။

တချိန်တည်းမှာ ဆီးရီးယား နိုင်ငံက ဓါတု လက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ထားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရက အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဆီးရီးယားက ဓါတု လက်နက်တွေနဲ့ ပတ်သက်လို့ ရုရှားရဲ့ ဦးဆောင်လှုပ်ရှားမှု တရပ်ဖြစ်တဲ့ ဓါတု လက်နက် ထိန်းချုပ်ရေး နိုင်ငံတကာ ညီလာခံ ကျင်းပမယ့် အစီအစဉ်ကို ထောက်ခံကြောင်း အတည်ပြုကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါဟစ် မူလင်မ် က ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ ၊ ရုရှားနဲ့ တခြား နိုင်ငံတွေက ကိုယ်စားလှယ်တွေကိုလည်း ဓါတုလက်နက် ထားသို တပ်ဆင်ပုံတွေကို ပြသဖို့ ပြင်ဆင်နေပြီလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကတော့ ဆီးရီးယား အနေနဲ့ ဒီထက်ပိုပြီး လုပ်ပြဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ