ဟစ်တလာရဲ့သက်တော်စောင့် ၉၆နှစ်မှာကွယ်လွန်

  • 6 စက်တင်ဘာ 2013
Image caption သေသည်အထိ ဟစ်တလာကို သစ္စာစောင့်သိခဲ့သူ

ဂျာမန် နာဇီ ခေါင်ဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာရဲ့ နောက်ဆုံးနေ့တွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေ ထွက်ဆိုခဲ့သူ နောက်ဆုံး လက်ကျန် တစ်ဦးဖြစ်တဲ့ ဟစ်တလာရဲ့ သက်တော်စောင့်လုပ်ခဲ့သူ အသက် ၉၆ နှစ် အရွယ် ရောဟူမစ်ရှ် တစ်ယောက် ဒီကနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူဟာ ဟစ်တလာရဲ့ သက်တော်စောင့်တပ်မှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်ပြီး များသောအားဖြင့်တော့ တယ်လီးဖုန်း ဆက်သွယ်ပြောကြားရသူ အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

မစ္စတာ မစ်ရှ်ဟာ ဟစ်တလာရဲ့ ဌာနချုပ်မှာ ၅ နှစ်ကြာ တာဝန်ပေးခြင်း ခံခဲ့ရသူ ဖြစ်ပြီး ဟစ်တလာ သူ့ကိုယ်သူ သတ်မသေခင် အသက်ရှင်ရက် နောက်ဆုံး တွေ့ခဲ့ရသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။

စစ်ပွဲတွေပြီးတော့ မစ္စတာ မစ်ရှ်ဟာ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုမှာ ၉ နှစ်ကြာ အကျဉ်းကျခံခဲ့ပါတယ်။

သူဟာ မသေခင်အချိန်အထိကို ဟစ်တလာအပေါ် သစ္စာစောင့်သိခဲ့သူ ဖြစ်ပြီး ဟစ်တလာ့ကို အင်မတန် အားကျစရာကောင်းတဲ့ အကြီးအကဲလို့ သူက ခေါ်ဝေါ်ခဲ့ပါတယ်။