အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လန်ဒန်ဆိုက်ရောက်

  • 9 စက်တင်ဘာ 2013
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး လန်ဒန်ကို ဆိုက်ရောက်လာစဉ်
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး လန်ဒန်ကို ဆိုက်ရောက်လာစဉ်

ဒီကနေ့ မနက်ပိုင်းမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့ လန်ဒန်မြို့မှာ ဆီးရီးယား ပြဿနာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားက ဆီးရီးယားကို တိုက်ဖို့ ကွန်ဂရက် အမတ်တွေကို စည်းရုံး ပြောကြားနေစဉ် အခုလိုဝန်ကြီးနှစ်ဦး တွေ့ကြတာ ဖြစ်ပါတယ်။

လန်ဒန်မြို့တော်ဟာ ပုံမှန်အတိုင်းဆို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအတွက် အလွန်နေသာထိုင်သာ ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေး ဝန်ကြီးနှစ်ယောက် ပခုံးချင်းယှဉ်ပြီး ဒီမနက် ထွက်လာမယ့် ပုံတွေဟာ သမ္မတ အိုဘားမား အစိုးရအတွက် အလွန်ကသိကအောက် ဖြစ်စေနိုင်ပါတယ်။

အမေရိကန်တို့ရဲ့ မဟာမိတ် ယူကေအစိုးရဟာ ဆီးရီးယား ကိစ္စမှာ လွှတ်တော်မဲခွဲစဉ် အရေးနိမ့်ခဲ့ရတယ် ဆိုတာ ဒီပုံတွေက အမေရိကန် ပြည်သူကို သတိပေးသလို ဖြစ်စေနိုင်ပါတယ်။ ဒီလိုလူထု အမှတ်ပြန်ရရင်တော့ စစ်တိုက်ဖို့ ကွန်ဂရက် ထောက်ခံမှုရအောင် စည်းရုံးနေတဲ့ သမ္မတအတွက် အတော်အကြပ်ရိုက် စေနိုင်ပါတယ်။

လန်ဒန်မှာရောက်စဉ် ဝန်ကြီးနှစ်ဦးတို့ဟာ အလယ်အလတ် သဘောထားရှိတဲ့ ဆီးရီးယား အတိုက်အခံတွေကို ဘယ်လို အားကောင်းအောင် ထောက်ခံ အားပေးရမယ်ဆိုတာ အထူးအာရုံစိုက် ပြောဆိုနိုင်ပါတယ်။

ဒီပြည်တွင်းစစ်ဟာ သမ္မတ အာဆတ်အစိုးရက တဖက်နဲ့ အယ်ကိုင်းဒါးတို့ရဲ့ မဟာမိတ် အစွန်းရောက် သမားတွေကြား ၂ဖက်ထဲ ဖြစ်နေတဲ့ စစ်သက်သက် မဟုတ်ဘူးဆိုတာ သူတို့အလေးထား ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗြိတိန်နဲ့ အမေရိကန် ပြည်သူအများ အပြားဟာ ဆီးရီးယားစစ်ပွဲမှာ ဝင်ပါဘို့ ဝန်လေးနေတဲ့အချက်က အခု အခါ သိသိသာသာ ထိရောက်မှု ရှိနေပြီလို့ ဘီဘီစီ သံတမန် သတင်းထောက် ဂျိန်းရော်ဘင်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ