ကင်ညာမှာ မြေအောက်ရေလွှာ ရှာဖွေတွေ့ရှိ

  • 11 စက်တင်ဘာ 2013
Image caption မြေအောက်ရေလွှာ တွေ့ရှိရာ တူကာနာဒေသဟာ အဆင်းရဲဆုံး၊ အခြောက်သွေ့ဆုံး ဒေသတစ်ခုဖြစ်

ကင်ညာနိုင်ငံမှာ သောက်သုံးရေ လိုအပ်နေ တာကို နှစ်ပေါင်း ဆယ်စုနဲ့ချီပြီး ဖြည့်ဆည်း ပေးနိုင်မယ့် မြေအောက် ရေအောင်းလွှာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့ ကင်ညာ အစိုးရက ကြေညာလိုက်ပါတယ်။

ဒီအတွက် ကင်ညာပြည်သူတွေရဲ့ လူနေမှု ဘဝ အခြေအနေတွေ အပြောင်းလဲကြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်း မိုးခေါင် ရပ်ဝန်းဖြစ်တဲ့ တူကာနာ ဒေသမှာ ဒီ မြေအောက် ရေကျော ရှိတယ်ဆိုတာကို သိပ္ပံ ပညာရှင်တွေကနေ ဂြိုဟ်တု နည်းပညာစနစ်နဲ့ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလှမ်းကွာတဲ့ တောင်တန်း တစ်ခုနဲ့ တစ်ခုအကြား မြေအောက်မှာ စီးဆင်းနေတဲ့ စမ်းချောင်းကနေ ဒီရေအောင်းလွှာ ဖြစ်တည်နေတာလို့ ဆိုပါတယ်။ ဒီရေလွှာကို စနစ်တကျ အသုံးပြုတတ်မယ်ဆိုရင် ဘယ်သော အခါမှ ခန်းခြောက်သွားမယ့် ပုံမရှိဘူးလိုလည်း ပြောပါတယ်။

သန်းနဲ့ချီတဲ့ ကင်ညာ ပြည်သူတွေဟာ အန္တရာယ် ကင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေကြတာ ဖြစ်ပါတယ်။

ကင်ညာမှာ မိုးကလည်း ရွာတချက် မရွာတချက်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်ကို ခံနေရတာလည်း ဖြစ်ပါတယ်။