ဆီးရီးယား လူ့အခွင့်အရေး အစီရင်ခံစာ ထွက်

  • 11 စက်တင်ဘာ 2013
Image caption ကျူးလွန်သူတွေကို စာရင်းပြုစုထားပြီး ဥပဒေအရ အရေးယူမယ်ဟုဆို

ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာမှာတော့ ဆီးရီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေ အပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေကို အစိုးရနဲ့ သူပုန်တွေ နှစ်ဘက်စလုံးက ကျူးလွန်နေကြတယ်လို့ ဖေါ်ပြထားပါတယ်။

ညှင်းပန်းနှိပ်စက်တာတွေ မုဒိမ်းကျင့်တာတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး၊ အစိုးရ တပ်ဖွဲ့တွေဟာ ကလက်စတာလို့ ခေါ်တဲ့ ဆင့်ကွဲ ဗုံးတွေကို အကြီးအကျယ် အသုံးပြုနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အတိုက်အခံ တပ်ဖွဲ့တွေရဲ့ စုံစမ်းမေးမြန်းမှုမရှိဘဲ လူတွေကို ကိစ္စဖျောက် သတ်ဖြတ် ကျူးလွန်နေမှုတွေဟာလည်း တိုးပွားလာနေတယ်လို့ ပြောပါတယ်။

အဲဒီလို ကျူးလွန်ခဲ့သူတွေရဲ့ စာရင်းကိုလည်း ပြစုထားတယ်လို့ ဒီအစီရင်ခံစာကို ရေးတဲ့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ အဲဒီသူတွေကို ဥပဒေရှေ့မှောက်မှာ အရေးယူရမယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဆီးရီးယားအပေါ် စစ်ရေး တိုက်ခိုက်မှုတွေ လုပ် မလုပ် အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်မယ့် ကိစ္စကို သမ္မတ အိုဘားမားက ရွှေ့ဆိုင်းလိုက်ပြီး၊ ဆီးရီးယား အနေနဲ့ ဓာတုလက်နက် စွန့်လွှတ်ရေးကို သံတမန်ရေးအရ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

အမှန်တော့ စုံစမ်းစစ်ဆေးသူတွေဟာ ဆီးရီးယား နိုင်ငံကို ဝင်ခွင့်မရခဲ့ကြပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ မျက်မြင်သက်သေတွေ၊ ဗီဒီယိုတွေကနေ တဆင့် ထွက်ဆိုချက်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက ရုပ်ပုံတွေကို အခြေခံပြီး အစီရင်ခံစာကို ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။