ဆီးရီးယားဓါတုလက်နက် ပြင်သစ်မူကြမ်း ရုရှ လက်မခံ

  • 12 စက်တင်ဘာ 2013
Image caption ဆီးရီးယားကို ကုလလက်နက်စစ်ဆေးသူတွေ ပြန်သွားနိုင်တော့မလား

ဆီးရီးယား ဓါတုလက်နက်တွေကို အပ်နှံ ဖျက်ဆီးရေး ရုရှတို့ အဆိုပြုထားတဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ က သံအမတ်ကြီးတွေ ဆွေးနွေးနေကြပါတယ်။

ပြင်သစ် အမေရိကန်နဲ့ ယူကေ နိုင်ငံ တို့က binding မဖြစ်မနေ အရေးယူဆောင်ရွက်ရမယ့် ဆိုတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မျိုး ချစေချင်ပေမယ့် ရုရှတို့ကတော့ non- binding မဖြစ်မနေ ဆောင်ရွက်စရာ မလိုတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်စေချင်ပါတယ်။

လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ မစခင်ကတည်းက ပြင်သစ် အမေရိကန် ယူကေ တို့ သီးခြား ဆွေးနွေးခဲ့ကြပြီးသားဖြစ်သလို ပြင်သစ်တို့ကလည်း ဆီးရီးယားတို့ ဓါတုလက်နက်တွေ အပ်ဖို့ ပျက်ကွက်ရင် အင်အားသုံးမယ်ဆိုတာပါတဲ့ သူတို့ရဲ့ အဆိုပြုချက်မူကြမ်းကို ပြင်ထားပြီးပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဓါတုလက်နက်နဲ့တိုက်ခိုက်တာအတွက် ဆီးရီးယားအစိုးရကို အပြစ်တင်တာမျိုး ပါတဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးမဆို ရုရှတို့က လက်မခံဘူးလို့ အစကတည်းက အရိပ်အမြွက် ပြောခဲ့ပြီးသားဖြစ်ပါတယ်။

ဆိုလိုတာက အမေရိကန် ပြင်သစ်နဲ့ ယူကေတို့က ဆီးရီးယားတို့ ဓါတုလက်နက်တွေကို မဖြစ်မနေအပ်အောင်၊ မအပ်ရင် အင်အားသုံးမယ်ဆိုပြီး ထိန်းထားချင်တာဖြစ်ပါတယ်၊ ဒါပေမယ့် ရုရှက ဒါကို လက်မခံပါဘူး။

ရုရှသမ္မတပူတင်က သူ့အနေနဲ့ အလျော့ပေးမှာ မဟုတ်ဘူးလို့ အစကတည်းက တရားဝင်ပြောထားပြီးသားပါ၊ ဒါဟာ ပြင်သစ် အမေရိကန် ယူကေ တို့ရဲ့ မလိုက်နာရင် ဆီးရီးယားကို စစ်ရေးနဲ့ ဖိအားပေးမယ်ဆိုတဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို သူလက်မခံဘူးလို့ပြောတာပါဘဲ။ ဒါပေမယ့် ပြင်သစ် အမေရိကန် ယူကေ တို့ကလည်း သူတို့ရဲ့ အခွင့်အရေးအရ စစ်ရေးနဲ့ ဖိအားပေးဖို့ လုပ်မှာပါဘဲ။ အင်အားသုံးမယ်ဆိုမပါရင်တော့ ဆီးရီးယားတို့က ဓါတုလက်နက်အပ်ရေးကို အကောင်အထည်ဖေါ်မှာ မဟုတ်ပါဘူးလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း နစ်ကိုလပ်စ် ဗန်းစ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ဂျီနီဗာမှာတော့ ရုရှနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့ အဓိကကျတဲ့ ဆွေးနွေးပွဲတွေလုပ်ကြမှာ ဖြစ်ပါတယ်။

ဒီစည်းဝေးပွဲဟာ စနေနေ့အထိကြာနိုင်ပြီး ကုလသမဂ္ဂ မပါဘဲ အမေရိကန်နဲ့ ရုရှ နှစ်နိုင်ငံအပြန်အလှန် ဆွေးနွေးပွဲဖြစ်တယ်လို့ ရုရှ သတင်းရပ်ကွက်က ပြောပါတယ်။

မစ္စတာ ကယ်ရီနဲ့အတူ အမေရိကန် လက်နက်ကျွမ်းကျင်သူ အဖွဲ့ တဖွဲ့ လိုက်သွားမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်ဘက် သဘောတူနိုင်တဲ့ အဖြေတခုရဖို့ အကြိတ်အနယ် ကြိုးစားကြလိမ့်မယ့် ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ