မြောက်ကိုရီးယား နျူစက်ရုံ ပြန်လည်ပတ်နေ

  • 12 စက်တင်ဘာ 2013
Image caption မြောက်ကိုရီးယား နျူလက်နက် အစီအစဉ်အတွက် အရေးပါတဲ့ Yongbyon ဓာတ်ပေါင်းဖို

မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယား လက်နက်တွေ တဖြည်းဖြည်း တိုးမြှင့် ထုတ် လုပ်နိုင်မယ့် ယုံပြောင်း (Yongbyon) နျူကလီးယား ဓာတ်ပေါင်းဖို ပြန်လည်ပတ် နေပြီလို့ ယူဆရကြောင်း အမေရိကန်က သုတေသီတွေက ပြောပါတယ်။

ယုံပြောင်း နျူကလီးယား စက်ရုံရဲ့ တာဘိုင်တွေကနေ အဖြူရောင် အခိုးအငွေ့တွေ ထွက်လာတာကို လတ်တလော ဂြိုလ်တု ဓာတ်ပုံတွေမှာ တွေ့ရတယ်လို့ အမေရိကန်ရဲ့ ကိုရီးယားဆိုင်ရာ လေ့လာရေးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ပလူတိုနီယမ် အဆင့်ရှိတဲ့ လက်နက်တွေ ထုတ်နိုင်တဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေ ပြန်စမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနျူကလီးယား ဓာတ်ပေါင်းဖိုဟာ နှစ်စဉ် နျူကလီယား ဗုံးတစ်လုံးစာ ထုတ်လုပ် နိုင်တဲ့ ပလူတိုနီယမ် အလုံအလောက် ထွက်ရှိနိုင်တယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ ယူရေနီယမ် သန့်စင်ရေး အစီအစဉ် တစ်ခုကိုလည်း အပြိုင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဓါတ်ပေါင်းဖို ပြန်စနေပြီဆိုတဲ့ သတင်းတွေသာ မှန်ခဲ့ရင် ဒါဟာ တကယ့်ကို အလေးထား ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်လာလိမ့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူး ကိုယ်စားလှယ် Glyn Davies ဂလင်းဒေဗီးစ်က ဆိုပါတယ်။