ကတိအတိုင်းလုပ်ဖို့ ဆီးရီးယားကို အမေရိကန် သတိပေး

  • 13 စက်တင်ဘာ 2013
Image caption ဆီးရီးယား အရေးကို ရုရှားနဲ့ အမေရိကန် အကြိတ်အနယ် ဆွေးနွေး

ဓါတုလက်နက်တွေ လွှဲပြောင်းပေးရေး အစီအစဉ်ဟာ လှည့်ကွက်တခု မဟုတ်ဘူး ဆိုတာကို ဆီးရီးယား အစိုးရကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် နဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်ခင် သတင်းစာ ရှင်းလင်းပွဲ တခုမှာ မစ္စတာ ကယ်ရီ က ဆီးရီးယားရဲ့ လုပ်ရပ်ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိန်မှီ ဆောင်ရွက်တဲ့ စစ်မှန်တဲ့ လုပ်ရပ်တခု ဖြစ်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။

ဓါတုလက်နက်တွေ စွန့်မယ်လို့ ကတိပေးထားတဲ့အတိုင်း အားဆတ် အစိုးရ လုပ်မလုပ်ဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

မစ္စတာ လက်ဗ်ရော့ဗ်ကတော့ စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းတဲ့ နည်းကနေ ရှောင်ရှားတဲ့ တခြားနည်း တခု ရှိမှာ ဖြစ်ပြီး ဓါတု လက်နက် ကိစ္စရပ် အကြောင်း ဆုံးဖြတ် ပြဌာန်းချက်ကြောင့် ဆီးရီးယားကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ဖို့ လိုမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရ ဆီက တရားဝင် စာတစောင်ကို ကုလသမဂ္ဂက လက်ခံ ရရှိခဲ့ရာမှာ ဆီးရီးယား အစိုးရအနေနဲ့ ဓါတု လက်နက် ပစ္စည်းထိန်းချုပ်တဲ့ နိုင်ငံတကာ သဘောတူ စာချုပ်မှာ ပါဝင် လက်မှတ်ထိုးဖို့ ရည်ရွယ်ချက် ရှိကြောင်း အဲဒီစာထဲမှာ ဖေါ်ပြထားပါတယ်။

ဆီးရီးယား နိုင်ငံဟာ ဓါတု လက်နက် ထုတ်လုပ်မှု၊ စုဆောင်းမှု၊ အသုံးပြုမှုတွေကို တားမြစ်ထားတဲ့ ဓါတုလက်နက် မပြန့်ပွားရေး ပဋိဉာဉ် စာတမ်းမှာ လက်မှတ်မရေးထိုးထားတဲ့ နိုင်ငံ ၅နိုင်ငံအထဲက တခုဖြစ်ပါတယ်။

ဥပဒေကြောင်းအရ ပြောရရင် ဆီးရီးယားနိုင်ငံဟာ ဒီကနေ့ကစလို့ ဒီပဋိဉာဉ် စာတမ်းမှာ ပါတဲ့ အဖွဲ့ဝင် အပြည့်အဝ ဖြစ်သွားပြီမို့ ဓါတု လက်နက် ပြဿနာဆိုတဲ့ ကိစ္စအကြောင်း စာမျက်နှာ တခန်းရပ်သွားသင့်ပါပြီ လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး ဘရှား ဂျာဖါရီ က ပြောသွားပါတယ်။

၁၉၉၃ခုနှစ် ပဋိဉာဉ် စာတမ်းအရ ဆီးရီးယား အစိုးရအနေနဲ့ သူ့မှာ ရှိတဲ့ ဓါတုလက်နက်တွေ အားလုံးကို ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ဆီးရီးယား သမ္မတ အားဆတ် က ဆီးရီးယားအစိုးရအနေနဲ့ ရက်ပေါင်း ၃၀ ပြီးရင် သူတို့ရဲ့ ဓါတုလက်နက် ဆိုင်ရာ အချက်အလက်တွေကို ကုလသမဂ္ဂထံ စလွှဲပြောင်းပေးမယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကတော့ ဒါကို ပယ်ချလိုက်ပြီး ဓါတုလက်နက်တွေကို ချသုံးပြီးပြီဆိုရင် သာမန် လုပ်ထုံး လုပ်နည်းတွေအတိုင်း လုပ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။