Kaesong စက်မှုဇုန် ပြန်ဖွင့်ပြီ

  • 16 စက်တင်ဘာ 2013
Image caption ကေဆောင်း (Kaesong) စက်မှုဇုန် တစ်စိတ်တစ်ဒေသ

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ အကြားက ကေဆောင်း (Kaesong) စက်မှုဇုန်ကို နှစ်နိုင်ငံ တင်းမာမှုတွေကြောင့် ပိတ်ထားခဲ့ရာက အခုတော့ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်ပြီး လုပ်ငန်းတွေလည်း ပြန်လည် စတင်နေပြီလို့ သိရပါတယ်။

နိုင်ငံရေး တင်းမာမှုတွေကြောင့် ၅ လလောက် ပိတ်ထားခဲ့ရတဲ့ ကေဆောင်း စက်မှုဇုန်ဆီကို ဒေသစံတော်ချိန် မနက် ၈ နာရီမှာပဲ ထရပ်ကားတွေနဲ့ လုပ်သားတွေ ပြန်လည် ဝင်ရောက်သွားခဲ့ကြပါပြီ။

ဒီစက်မှုဇုန်ဟာ မြောက်ကိုရီးယားဘက်ခြမ်းမှာ ရှိနေတာဖြစ်ပြီး တောင်ကိုရီးယား ဘက်က ကုမ္ပဏီပေါင်း ၁၂၃ ခုက မြောက်ကိုရီးယား လုပ်သား ၅ သောင်း လောက်နဲ့ လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြုံးယမ်းအတွက် အဓိက ငွေဝင်ပေါက် ကြီးတခုလို့လည်း ပြောလို့ ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လထဲမှာ မြောက်ကိုရီးယား ဘက်က နျူကလီးယား စမ်းသပ်ခဲ့တဲ့ နောက်ပိုင်း ကုလသမဂ္ဂ ဘက်က ပိတ်ဆို့ အရေးယူမှုတွေတိုး၊ နောက် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေ လုပ်နဲ့ မြောက်ကိုရီးယားတို့ဘက်ကလည်း ဟိုချိန်ဒီချိန်နဲ့ တိုက်မယ် တကဲကဲ လုပ်ခဲ့တဲ့ နောက်မှာ ကိုရီးယား ကျွန်းစွယ် အတွင်း တင်းမာမှုတွေ အထွဋ်အထိတ် ရောက်ခဲ့ရပြီး ကေဆောင်းကို ပိတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း လနဲ့ချီ ကြာအောင် ညှိနှိုင်းခဲ့ကြအပြီး အခုလို ပြန်လည်လို့ လုပ်ငန်းတွေ လည်ပတ်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဖွင့်တာဟာ အစမ်းသဘောလို့လည်း ဆိုနေကြပြီး ၅ လလောက် ပိတ်ထားခဲ့ရတဲ့ စက်ရုံတွေရဲ့ ပြန်လည် လည်ပတ်နိုင်စွမ်း ဘယ်လောက် ရှိလဲ ဆိုတာကို ကြည့်ကြဦးမှာ ဖြစ်ပါတယ်။

ပြီးတော့ ၂ ဘက် ပေါင်းလို့ အုပ်ချုပ်ရေး လုပ်ငန်း ကော်မတီကိုလည်း ဖွဲ့လိုက်ပြီး ဖြစ်ပါတယ်။ အဲဒီ ကော်မတီကပဲ အခုလို ပြန်လည် ဖွင့်လှစ်တဲ့ ရက်ကို သတ်မှတ် ပေးခဲ့တာပါ။

နောက်ပြီး တောင်ကိုရီးယား ကုမ္ပဏီတွေ ၅ လလောက် လုပ်ငန်း မလည်ပတ်ခဲ့ဘဲ နစ်နာခဲ့ရတာကို ကာမိအောင် နှစ်ကုန်အထိ အခွန်မကောက်ဘူး လို့လည်း သိရပါတယ်။ ထူးခြားမှု တစ်ခုလို့ ဆိုရမှာကတော့ အဲဒီစက်မှုဇုန်မှာ ပြည်ပက ရင်းနှီး မြှုပ်နှံလိုသူတွေကို ခွင့်ပြုတော့မယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် မြောက်ကိုရီးယားဘက်က ထင်သလို ပိတ်ပစ်တာမျိုး ထပ်လုပ်ဖို့ ခက်အောင် လုပ်တာလို့လည်း ဆိုကြပါတယ်။

ဒါပေမယ့်လည်း မြောက်ဘက်က စိတ်ထားက ဘယ်အချိန် ထပြောင်းမယ် ဆိုတာ မှန်းရခက်လို့ ဒေသတွင်းက လုပ်ငန်းရှင် တွေထဲမှာ စိုးရိမ်မှုတွေက ရှိနေသေးတယ်လို့လည်း သိရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကေဆောင်း ဖွင့်တဲ့ အချိန်မှာ တောင်ဘက်ကနေ မြောက်ဘက်ကို ရေဖြတ်ကူးပြီး သွားတဲ့ လူတစ်ယောက်ကို တောင်ကိုရီးယား တပ်ဖွဲ့တွေက ပစ်သတ် လိုက်တယ်လို့လည်း သိရပါတယ်။

ဘာပဲ ဖြစ်ဖြစ် လောလောဆယ်မှာတော့ တင်းမာမှုတွေက ပြေလျော့စ ပြုလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုရီးယား စစ်ပွဲအတွင်းက ကွဲကွာခဲ့ရတဲ့ မိသားစုတွေ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဖို့အတွက်တောင် နှစ်နိုင်ငံအကြား သဘောတူညီ နိုင်ခဲ့ကြပြီး ဖြစ်တယ်လို့ သိရပါတယ်။