ကုလ ဆုံးဖြတ်ချက် ပြင်းထန် ထိရောက်စေရမယ်

  • 16 စက်တင်ဘာ 2013
Image caption ဆုံးဖြတ်ချက်တွေကို မလိုက်နာခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံရမယ်

ဆီးရီးယား ဓာတုလက်နက် စွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကနေ ပြင်းထန် ထိရောက်တဲ့ ဆုံးဖြတ်ချက်ချရေး အတွက် ကြိုးစားသွားမယ်လို့ ဗြိတိန် ပြင်သစ်နဲ့ အမေရိကန်တို့က ပြောကြားလိုက်ပါတယ်။

ဆုံးဖြတ်ချက်တွေအပေါ် ဆီးရီးယားက မလိုက်နာ ခဲ့ရင်တော့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ခံရမယ် လို့လည်း ပြောကြားပါတယ်။

ဗြိတိန် ပြင်သစ်နဲ့ အမေရိကန် သုံးနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ပဲရစ်မြို့မှာ တွေ့ဆုံဆွေးနွေး အပြီး အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းမှာ ဆီးရီးယားတို့ ဓာတုလက်နက် စွန့်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုတဲ့ နောက်ဆုံး သတ်မှတ်ချိန် ပါဝင်သင့်တယ် လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ ဆီးရီးယား ဓာတုလက်နက် စွန့်ရေးအတွက် သဘောတူကြတဲ့ အထဲမှာ ရုရှား ပါဝင်ပေမယ့်လည်း ဆီးရီးယားတို့ လိုက်နာချင်းမရှိခဲ့ပါက အကျိုးဆက်ကို ခံရမှာ ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။