ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် ခေါင်းဆောင် သေဒဏ်ကျ

  • 17 စက်တင်ဘာ 2013
Image caption စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ သေဒဏ် တိုးမြှင့်ကျခံရသူ အဘ်ဘူခါဒါမိုလာ

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ပါတီဖြစ်တဲ့ ဂျမတ်-အီ-အစ္စလာမ်မီ ပါတီက ခေါင်းဆောင် တစ်ဦး ဖြစ်သူ အဘ်ဘူ ခါဒါ မိုလာကို ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲအတွင်း ၁၉၇၁ ခုနှစ် တုန်းက လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ ဘင်္ဂလားဒေ့ရှ် အမြင့်ဆုံး တရားရုံးကနေ သေဒဏ် ချမှတ်လိုက်ပါတယ်။

ဖေဖော်ဝါရီ လတုန်းကတော့ အထူး စစ်ရာဇဝတ်မှု တရားရုံး ကနေ သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ထားတာကို မစ္စတာ မိုလာက အဲဒီ အမြင့်ဆုံး တရားရုံးထံ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရှေ့နေကတော့ တစ်သက်တစ်ကျွန်း ကျခံပြီးသားကို အခုလို သေဒဏ် တိုးမြှင့်လိုက်တာဟာ ဘင်္ဂလားဒေ့ရှ်မှာ ဒါပထမဆုံး ပဲလို့ ပြောပါတယ်။ ဒီစီရင်ချက်ဟာ ဘယ်လိုမှ မျှော်လင့်လို့ မရတဲ့ အရာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားရုံး စည်းကမ်းတွေအရ မစ္စတာ မူလာဟာ အမြင့်ဆုံး တရားရုံးရဲ့ စီရင်ချက်အပေါ် အယူခံဝင်လို့ မရတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် သမ္မတထံ အသနားခံစာ တင်လို့ရပါသေးတယ်။