ဆီးရီးယား ကိစ္စ လုံခြုံရေးကောင်စီမှာ ဆွေးနွေး

  • 18 စက်တင်ဘာ 2013
Image caption ကုလသမဂ္ဂမှာ မဲခွဲ ဆုံးဖြတ်ကြပြီ

ဆီးရီးယားကို စစ်ရေးအရ အရေးယူမယ့် အစီအစဉ်နဲ့ ခြိမ်းခြောက်ဖို့ သင့် မသင့် ဆိုတဲ့ အပေါ် သဘောကွဲလွဲမှုတွေ ရှိနေတဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံဟာ အဆိုပြုလွှာ မူကြမ်းကို ဆွေးနွေး တွေ့ဆုံ နေကြပါတယ်။

အမေရိကန် ၊ ပြင်သစ် နဲ့ ဗြိတိန် တို့က တင်ပြလာတဲ့ အဆိုပြုလွှာ မူကြမ်းဟာ ဆီးရီးယားက ဓါတုလက်နက်တွေ ဖယ်ရှားပစ်ရေး အတွက် အမေရိကန်နဲ့ ရုရှားတို့ သဘောတူညီချက်ကို တရားဝင် ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဆီးရီးယား အပေါ် ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် အင်အားသုံး အရေးယူမှုကို ရုရှား အစိုးရက ဆန့်ကျင်နေပါတယ်။

ဆီးရီးယား အရေးဆိုင်ရာ ပြင်းထန်လှတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မူကြမ်းကို သဘောတူဖို့ အမေရိကန် ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ဖိအားပေးနေတဲ့ ကြားက ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် က ပယ်ချခဲ့ပါတယ် ။

ဆီးရီးယား အစိုးရက ဓါတုလက်နက်တွေ ပြန်အပ်ဖို့ ကုလသမဂ္ဂရဲ့ ပန်ကြားချက် မှန်သမျှဟာ စစ်ရေးအရ အရေးယူမယ် ဆိုတဲ့ ခြိမ်းခြောက်မှု မပါရဘူးလို့ မစ္စတာ လာဗ်ရော့ဗ်က ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဒမားစကပ်စ်မြို့ ဆင်ခြေဖုန်းမှာ အရပ်သားတွေဟာ ဆာရင် အဆိပ်ငွေ့တွေသုံး တိုက်ခိုက်ခံခဲ့ရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ ထွက်ပေါ်လာပြီး တရက် အကြာမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူပုန်တွေဖက်က ပြဿနာ ဖြစ်လာအောင် ဖန်တီးတဲ့ ရန်စမှုလို့ ရုရှား အစိုးရက ဆက်လက် သံသယ ရှိနေတာ ဖြစ်ပါတယ်။

ဒမားစကပ်စ်မြို့ကို ရောက်ခိုက် ရုရှား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက သမ္မတ အာဆတ် အစိုးရ အနေနဲ့ လက်ဝယ်ရှိ ဓါတုလက်နက် စာရင်း အသေးစိတ်ကို ချက်ချင်း လွှဲအပ်ဖို့ ကိုလည်း တိုက်တွန်းခဲ့ပါတယ်။