အီရန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်

  • 18 စက်တင်ဘာ 2013
Image caption လူ့အခွင့်အရေးရှေ့နေ နက်ဆရင် ဆော့တူဒဲ

အီရန်နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်ပါပြီ။

အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၈ ဦးဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ လူ့အခွင့်အရေးဆိုင်ရာ အမျိုးသမီးရှေ့နေ Nasrin Sotoudeh နက်ဆရင် ဆော့တူဒဲ နဲ့ ပြုပြင်ပြောင်းလဲလိုလားတဲ့ နိုင်ငံရေးသမား မိုရှန် အမင်ဇာဒဲ Mohsen Aminzadeh တို့ပါဝင်ပါတယ်။

အီရန် သမ္မတသစ် ဟက်ဆန် ရူဟားနီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို မသွားခင် ရက်ပိုင်း အလိုမှာ အခုလို နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ်ခဲ့တာပါ။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ရှီရင် အက်ဘာဒီး ကို ကိုယ်စား ဆုယူခဲ့သူ အဲဒီ ရှေ့နေ နက်ဆရင် ဆော့တူဒဲ ဟာ နိုင်ငံတော် လုံခြုံရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ် ဆိုပြီး ၂၀၁၀ ခုနှစ်က ထောင်ဒဏ် ၆ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

နက်ဆရင်ဆော့တူဒဲဟာ နိုင်ငံရေးပြစ်မှုကြီးတွေကိုလိုက်တဲ့ လူ့အခွင့်အရေး ဆိုင်ရာရှေ့နေဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်ပါတယ်။

လူအများလေးစားခံရပြီး ဥရောပပါလီမန်ရဲ့ ၂၀၁၂ ခုနှစ် လွတ်လပ်စွာ တွေးတောပိုင်ခွင့်ဆိုင်ရာ ဇာကာရော့ဗ် ဆုကို ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

အကျဉ်းကျခံနေစဉ်က ထောင်တွင်းအခြေအနေတွေနဲ့ သူ့မိသားစုဝင်တွေကို အာဏာပိုင်တွေ ပိတ်ပင်မှုတွေ ရှိနေတာကို အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

သူကို ဗုဒ္ဓဟူးနေ့ညနေက ထောင်အရာရှိတွေက အိမ်ပြန်ပို့ပေးခဲ့တာလို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ထိန်းသိမ်းထားရာကနေ အခုလို လွတ်လာတဲ့အတွက် သူရော သူ့သားသမီးတွေပါ အတော်ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြတယ်လို့ မစ်စ် ဆော့တူဒဲ က ဘီဘီစီကို ပြောပါတယ်။

မိုရှဲန် အမင်ဇာဒဲ ကတော့ သမ္မတ မိုဟာမက် ခါတာမီ လက်ထက် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က အစိုးရကို ဆန့်ကျင်တဲ့ ဝါဒဖြန့်စာတွေ ဖြန့်ဝေမှုနဲ့ ဆန္ဒပြအောင် စည်းရုံးမှုတွေနဲ့ ထောင်ကျခံနေရသူ ဖြစ်ပါတယ်။

သမ္မတ ရူဟားနီးဟာ အလယ်အလတ် သဘောထားပိုရှိပြီး ပွင့်ပွင့်လင်းလင်း ချဉ်းကပ်နိုင်သူ တဦးပါ ဆိုတဲ့ ကတိပေးချက်တွေနဲ့ ရွေးကောက်ခံခဲ့ရတာ ဖြစ်ပြီး ရွေးကောက်ခံခဲ့ရပြီး ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ တိုးပွား လာနေခဲ့ပါတယ်။

ယူကေထုတ် ဂါဒီယန်းသတင်းစာရဲ့ စုံစမ်းချက်အရ အီရန်မှာ နိုင်ငံရေးအကျဉ်းသားနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

အီရန် သမ္မတရာထူး လက်ခံယူခဲ့ပြီးကတည်းက အနောက်တိုင်း သတင်းဌာန တခုနဲ့ ပထမဆုံးအကြိမ် လုပ်တဲ့ NBC သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတသစ် ဟက်ဆန် ရူဟားနီး က အရေးပါတဲ့ အနာဂါတ်ကို ရှေ့ရှု ဆောင်ရွက်ရမယ့် ခက်ခဲ နက်နဲမှုတွေ အကြောင်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ