နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား တောင်းဆိုလိုက်

  • 18 စက်တင်ဘာ 2013
Image caption ပြန်လည် လည်ပတ်နိုင်ဖွယ် လက္ခဏာတွေ ရှိတယ်ဆိုတဲ့ Yongbyon ဓာတ်ပေါင်းဖို

မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီးယား စေ့စပ် ညှိနှိုင်းရေးမှူး က သူ့ နိုင်ငံရဲ့ နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ တောင်းဆို လိုက်ပါတယ်။

မြောက်ကိုရီးယားမှာ မသုံးဘဲ ထားတဲ့ နျုကလီးယား ဓာတ်ပေါင်းဖိုကို ပြန်လည် လည်ပတ်နိုင်ဖွယ် လက္ခဏာတွေ ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းထွက်လာခဲ့တဲ့ ကြားက နျူကလီးယား စေ့စပ် ညှိနှိုင်းရေးမှူး Kim Kye-gwan ရဲ့ တောင်းဆိုမှု ပေါ်ထွက်လာခဲ့တာပါ။

တရုတ် နိုင်ငံ ဘေဂျင်း မြို့တော်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ မစ္စတာ Kim Kye-gwan က သူ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အမေရိကန် ပါဝင်တဲ့ ၆ နိုင်ငံ ဆွေးနွေးမှုကို ကြိုတင် စည်းကမ်း ကန့်သတ်ချက် မပါဘဲ ပြန်လည် စတင် လိုကြောင်း ပြောခဲ့တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား တို့ကတော့ သူတို့အနေနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောမတူခင် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ရည်မှန်းချက်တွေ အဆုံးသတ်ရေး အရင်က သဘောတူ လက်မှတ်ရေးထိုး ထားခဲ့တာတွေကို မြောက်ကိုရီးယား ဘက်က လိုက်နာ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။