ကုလ စုံစမ်းရေးမှူးတွေကို ရုရှားက စွပ်စွဲ

  • 18 စက်တင်ဘာ 2013
Image caption အစိုးရဘက်က ဆာရင်း အဆိပ်ငွေ့ သုံးခဲ့ကြောင်း ကုလ စုံစမ်းရေးမှူးတွေ တွေ့ရှိခဲ့

ဆီးရီးယား နိုင်ငံမှာ ဓာတု လက်နက် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လက်နက် စုံစမ်း စစ်ဆေးရေးမှူးတွေဟာ နိုင်ငံရေးအရ လိုရာဆွဲပြီး တစ်ဖက်သတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်လို့ ရုရှားနိုင်ငံက စွပ်စွဲလိုက်ပါတယ်။

ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က ပြောဆိုရာမှာ ဓာတု လက်နက်တွေကို သူပုန်တွေဘက်က သုံးစွဲခဲ့တဲ့ သက်သေ အထောက်အထား အသစ်ကို ဆီးရီးယား အစိုးရက သူ့ကို ပေးခဲ့ကြောင်း ဒမားစကပ်စ် မြို့ကို ရောက်ရှိစဉ် ပြောဆိုခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံတွင်းမှာ ဓာတု လက်နက် သုံးစွဲခဲ့တယ်လို့ စွပ်စွဲမှု ရှိခဲ့တဲ့ အရင် နေရာဟောင်း ၃ နေရာကို ကုလသမဂ္ဂ လက်နက် စုံစမ်းရေးမှူးတွေ သွားမကြည့်ခဲ့တာကို သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့လည်း Mr Ryabkov က ပြောပါတယ်။ အဲဒီ နေရာတွေမှာ သူပုန်တွေက ဓာတုလက်နက် သုံးစွဲမှု ရှိခဲ့တယ်လို့ ရုရှားဘက်က ပြစ်တင်ခဲ့တာပါ။

ပြီးခဲ့တဲ့ လက ဒမားစကပ်စ်မြို့ ဆင်ခြေဖုံးမှာ အရပ်သားတွေ အပေါ် sarin ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့တဲ့ အထောက်အထားတွေကို ကုလ သမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေကတော့ ဒီလက်နက်တွေကို သမ္မတ အာဆတ် အစိုးရ တပ်ဖွဲ့တွေကသာ သုံးခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ပြောပါတယ်။