စင်္ကာပူမှာ ဘောလုံးပွဲ အကြံအဖန် လုပ်တဲ့ဂိုဏ်း ဖမ်းမိ

  • 18 စက်တင်ဘာ 2013
Image caption ဘောလုံးပွဲ အကြံအဖန် လုပ်တဲ့ လောင်းကစား ဂိုဏ်းတွေကို Interpol နိုင်ငံတကာရဲက စုံစမ်းစစ်ဆေးနေ

စင်္ကာပူနိုင်ငံ တဝှမ်း စီးနင်း ရှာဖွေမှုတွေအတွင်း နိုင်ငံတကာ ဘောလုံးပွဲတွေမှာ ဘောလုံးသမား တွေကို လာဘ်ထိုးပြီး ဂိုးအရေအတွက် အကြံအဖန် လုပ်တဲ့ လောင်းကစားဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ယူဆရသူ တဦးနဲ့ တခြား လူ၁၃ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ Interpol နိုင်ငံတကာ ရဲအဖွဲ့က ပြောပါတယ်။

စင်္ကာပူရဲတပ်ဖွဲ့နဲ့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်နေဖွယ် ရှိတဲ့ အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး ၂ဦးတို့ကိုလည်း Interpol နိုင်ငံတကာ ရဲအဖွဲ့က စစ်ဆေး မေးမြန်းနေတယ်လို့ ဆိုပါတယ်။

ဂိုဏ်းခေါင်းဆောင် အပါအဝင် လူ၅ဦးကို ထိန်းသိမ်းထားလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ အာမခံနဲ့ လွှတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီလူတွေက ဘာနိုင်ငံသားတွေလဲ ဆိုတာကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။