ဓါတုတိုက်ခိုက်မှုကို သူပုန်တွေလုပ်တာလို့ ရုရှားဆို

  • 18 စက်တင်ဘာ 2013
Image caption သူပုန်တွေရဲ့ လက်ချက်ဆိုတဲ့ အထောက်အထား ရှိတယ်လို့ ဆာဂေး လက်ဗ်ရော့ဗ်က ပြော

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ဆီးရီးယားနိုင်ငံ ဒမာ့စကပ်မြို့နားမှာ ပြီးခဲ့တဲ့လက ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုတွေကို ဆီးရီးယား သူပုန်တွေက လုပ်ခဲ့တာ ဆိုတဲ့ အထောက်အထားသစ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ သူတင်ပြမယ်လို့ ထုတ်ဖေါ်ပြောလိုက်ပါတယ်။

အမေရိကန် အစိုးရကတော့ အရပ်သား ရာပေါင်းများစွာကို အဆိပ်ဓါတ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့မှုမှာ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေကသာ တာဝန်ရှိတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုဘူးလို့ ပြောနေပါတယ်။

ဒါပေမယ့်လည်း ရုရှားတို့က ဒီကိစ္စဟာ သူပုန်တွေရဲ့ လက်ချက်ဆိုတာကို ဖေါ်ပြနေတဲ့ သက်သေ အထောက်အထားသစ်တွေကို ဆီးရီးယား အစိုးရက သူတို့ကို ပေးထားပြီးပြီလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေရဲ့ အစီရင်ခံစာအပေါ် ရုရှားတို့ရဲ့ ဝေဖန် ပြောဆိုချက်ကို ကုလသမဂ္ဂက ပယ်ချလိုက်ပြီး အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ အငြင်းပွားစရာ မရှိဘူးလို့ ပြောပါတယ်။

ဒီအစီရင်ခံစာဟာ နိုင်ငံရေးနဲ့ ဆက်နွယ်မှု ရှိပြီး ဘက်လိုက်တယ် တဖက်သတ် ဆန်တယ်ဆိုပြီး အစောပိုင်းတုန်းက ရုရှားတို့က ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေဟာ သူတို့ ရဲ့ စုံစမ်း စစ်ဆေးမှု အပြီးသတ်ဖို့ လာမယ့် သီတင်းပတ်အတွင်းမှာပဲ ဆီးရီးယားနိုင်ငံကို ပြန်သွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ကပြောပါတယ်။