အီဂျစ် လုံခြုံရေးနဲ့ သေနတ်သမားတွေ ပစ်ခတ်

  • 19 စက်တင်ဘာ 2013
Image caption ဒါဇင်နဲ့ချီတဲ့ လူတွေကို လုံခြုံရေးတွေက ဖမ်းဆီး

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့ ဆင်ခြေဖုံးက မွတ်ဆလင် ညီနောင်များ အဖွဲ့ ခြေကုပ်ယူရာ အရပ်မှာ အမည်မသိ သေနတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီနေ့ မနက် အစောပိုင်းတုန်းက ကိုင်ရိုမြို့ ဆင်ခြေဖုံး Kerdasa ကာဒါဆာ ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင် အလုံးအရင်းဟာ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်နေကြပြီး ထိပ်တန်း ရဲ အရာရှိ တစ်ယောက် သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ အိမ်တွေကို တစ်အိမ်တက်ဆင်းနဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ခေါင်းဆောင်တွေကို ရှာဖွေနေခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် တစ်ယောက်က ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ပြီးခဲ့တဲ့ လတုန်းက ရဲ ၁၁ ယောက်ကို သတ်ဖြတ်သွားသူတွေကို ရှာဖွေနေတာဖြစ်တယ်လို့ ပြောပါတယ်။