မာရီကာနာမိုင်း ပစ်မှုမှာ ရဲက လိမ်လည်ခဲ့

  • 20 စက်တင်ဘာ 2013
marikana
Image caption မိုင်းလုပ်သားတွေကို ရဲတွေက ပစ်ခတ် နှိမ်နင်းခဲ့

တောင်အာဖရိက နိုင်ငံက မာရီကာနာ ပလက်တီနမ် သတ္တုမိုင်းမှာ ရဲက ပစ်ခတ်လို့ တွင်းလုပ်သား ၃၄ ယောက် သေဆုံး ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲဘက်က လိမ်လည် ပြောကြား ခဲ့တယ်လို့ စွပ်စွဲ လိုက်ပါတယ်။

ကော်မရှင်က ရဲတွေမှာ ဖွက်ထားတဲ့ အထောက်အထား စာရွက်စာတမ်း တွေရှိတယ်၊ နောက်ပြီး တချို့ဟာတွေကို အတုလုပ်ခဲ့တယ်၊ ပြီးတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ မဟုတ်မမှန် လုပ်ကြံ ဖန်တီးမှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကော်မရှင်က လက်ရှိအချိန်မှာ သူတို့ လက်ထဲမှာ အထောက်အထားပေါင်း ထောင်နဲ့ ချီပြီး စစ်ဆေးဖို့ ကျန်နေသေးလို့ စုံစမ်းစစ်ဆေးတဲ့ ရက်ကိုတောင် အနည်းငယ် ထပ်ရွှေ့ ခဲ့ပါတယ်။

ဘီဘီစီရဲ့ အာဖရိက ဆိုင်ရာ သတင်းထောက် ကတော့ ဒါဟာ တောင်အာဖရိက ရဲတပ်ဖွဲ့ရဲ့ အကျင့်သိက္ခာနဲ့ ပတ်သက်လို့ မကြုံစဖူး ထိုးနှက် ခံရမှုပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ဩဂုတ်လက ဆန္ဒပြနေတဲ့ တွင်း လုပ်သား တွေကို ရဲက ပစ်ခတ် နှိမ်နင်း ခဲ့တဲ့ ဖြစ်ရပ် နောက်မှာ သမ္မတ ဂျက်ကော့ဘ် ဇူးမားက စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့အတွက် အခုလို ကော်မရှင် ဖွဲ့စည်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ