တတိယ သက်တမ်း ပြန်အရွေးခံရပါ့မလားလို့ မစ္စက်မာခဲလ် စိုးရိမ်

  • 22 စက်တင်ဘာ 2013
Image caption Angela Merkel ကို ထောက်ခံသူတွေ

ဂျာမဏီမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို လူတွေမဲပေးကြရင်း လက်ရှိ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် ကို တတိယ သက်တမ်း အတွက် ထပ်မံ ရွေးချယ် တင်မြောက်ကြမလား ဆိုတော့ အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံး မဲဆွယ် စည်းရုံးမှု အတွင်း သူမရဲ့ ခရစ်ယာန် ဒီမိုကရက်ပါတီကို ထောက်ခံသူတွေကို ပြောကြားရာမှာ ဒီရွေးကောက်ပွဲဟာ ပြိုင်ဖက်ပါတီတွေကြား သူမသာ ကိုယ်မသာ ဖြစ်နေတာကြောင့် အပြိုင်ကြဲရမယ့် ပွဲဖြစ်တယ်လို့ မစ္စက်မာခဲလ်က ဆိုပါတယ်။

သူမရဲ့ အဓိက ပြိုင်ဖက် အတိုက်အခံ ဆိုရှယ် ဒီမိုကရက် တယောက် ဖြစ်တဲ့ Peer Steinbrueck ကတော့ လက်ရှိ အစိုးရရဲ့ အုပ်ချုပ်မှုဟာ မတိုးတက်ဘဲ နောက်ပြန်ဆွဲ နေတယ် ၊ သူ့အနေနဲ့ ဂျာမနီကို မတိုးသာ မဆုတ်သာ အနေအထားကနေ ကယ်ထုတ်ချင်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် အန်ဂလား မာခဲလ်ရဲ့ ပါတီက လွှတ်တော်ထဲ အမတ်နေရာ အများစုကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့် နေကြပေမယ့် ရွေးကောက်ပွဲ အကြို စစ်တမ်းတွေ အရ သူမ အနေနဲ့ ညွှန့်ပေါင်း အစိုးရ ဖွဲ့ရကောင်း ဖွဲ့ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။