ကင်ညာ ကုန်တိုက် တိုက်ခိုက်မှု အယ်ရှာဘတ် လက်ချက်

  • 22 စက်တင်ဘာ 2013
Image caption ကုန်တိုက်ထဲက ရှိသမျှလူတွေကို ထုတ်နေပြီ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ Westgate Mall ကုန်တိုက်မှာ အစ္စလာမ် ဝါဒီ သေနတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ တဖက်နဲ့ တဖက် ရှေ့မတိုး နောက်မဆုတ် အခြေအနေမှာ ရှိနေပါတယ်။

Westgate Mall ကုန်တိုက်မှာ အစောပိုင်းတုန်းက အကြမ်းဖက် သမားတွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့လို့ လူ၃၉ယောက် သေဆုံးကာ ၁၅ဝ လောက် ဒဏ်ရာရခဲ့ပါတယ်။

လေးထပ်မြင့် ကုန်တိုက် အဆောက်အဦရဲ့ တနေရာမှာ အသက်မသေဘဲ ကျန်နေသေးတဲ့ သေနတ်သမားတွေကို ဝိုင်းပြီး ပိတ်ဆို့ ထားလိုက်ပြီလို့ ကင်ညာလုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ကုန်တိုက်ရဲ့ ကျန်တဲ့နေရာတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက စစ်သွေးကြွတွေနဲ့ ပစ်ခတ်မှု အတွင်း ပုန်းအောင်းကျန်နေတဲ့ စျေးဝယ်သူတွေကို ဆက်လက် ရှာဖွေ နေပါတယ်။

မနေ့က ညဉ့်နက်ပိုင်း အထိ အဲဒီ ကုန်တိုက် ဖက်ကနေ သေနတ်သံတွေ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

သူ့မိသားစုထဲက တချို့လည်း ဒီတိုက်ခိုက်မှု အတွင်း အသတ်ခံခဲ့ရတယ်လို့ ကင်ညာသမ္မတ အူဟရူ ကင်ညက်တာက ပြောပါတယ်။

တချိန်တည်းမှာ နိုင်ရိုဘီမြို့က တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ဆိုမာလီ အစ္စလာမ် ဝါဒီ အဖွဲ့ အယ်လ်ရှဘတ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆိုမာလီမှာ ကင်ညာစစ်သားတွေ ထားရှိမှု အပေါ် လက်တုန့်ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ ဘီဘီစီကို အယ်ရှဘတ် ထိပ်တန်း အဖွဲ့ဝင် တယောက် ပြောပါတယ်။

သူတို့ရဲ့ တိုက်ခိုက်ရေး သမားတွေဟာ ကုန်တိုက်ထဲ ဝင်စီးနင်းခဲ့စဉ် အစ္စလာမ် ဘာသာဝင် မဟုတ်သူတွေကို တယောက်ချင်း ပစ်သတ်ခဲ့ပြီး အစ္စလာမ် ဘာသာဝင် အားလုံးကိုတော့ ခြံရံစောင့်ကြပ် အပြင်ထုတ်ပေးပြီးမှ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အယ်ရှာဘတ်က လူမှု ဆက်သွယ်ရေး ကွန်ယက်တွေပေါ်မှာ ရေးသား ဖော်ပြထားပါတယ်။

ကင်ညာ နိုင်ငံဟာ အရင်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေကို တွေ့ကြုံ ကျော်လွှား နိုင်ခဲ့ပြီး အခုလည်း အဲဒီလိုဘဲ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သမ္မတ ကင်ညာတာက ပြောပါတယ်။

လူ ၂ဝဝ ကျော် သေဆုံးခဲ့တဲ့ ၁၉၉ဂ ခုနှစ်တုန်းက နိုင်ရိုဘီမြို့က အမေရိကန် သံရုံးကို အယ်ကိုင်းဒါးတွေ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခု တိုက်ခိုက်မှု အဆိုးရွားဆုံး ဖြစ်ပါတယ်။