သေနတ်ကိုင်ဆောင်ရေး ဥပဒေ ပြုပြင်ပြောင်းလဲဖို့ ထပ်မံ ပန်ကြား

  • 23 စက်တင်ဘာ 2013
Image caption သေနတ်ကိုင်ဆောင်ရေး ဥပဒေကို ပြုပြင်ဖို့ ကြိုးစားတဲ့ အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ရေး ဥပဒေ တခုလုံးကို ပြုပြင်ပြောင်းလဲပစ်ဖို့ သမ္မတ အိုဘားမားက ထပ်မံ ပန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဝါရှင်တန်မြို့က ရေတပ် အဆောက်အဦ ၀န်းထဲက ပစ်ခတ်မှုမှာ သေဆုံးရသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ သူက ခုလို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပစ်ခတ်မှု အတွင်း သေနတ်သမား တယောက်ရဲ့ လက်ချက်နဲ့ လူ၁၂ယောက် သေဆုံးခဲ့ရပါတယ်။

ဒီလို အကြမ်းဖက်မှုတွေကြောင့် လူ့အသိုင်းအဝိုင်းတွေ အစိတ်စိတ် အမွှာမွှာ ကွဲကုန်တယ် ၊ ခုနောက်ဆုံး ပစ်ခတ်မှုက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ တောင်းဆိုနေတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

သေနတ် ကိုင်ဆောင်ခွင့် ဥပဒေကို စည်းကြပ်ဖို့ အဆိုပြုချက်တွေကို လွှတ်တော်က ဆက်လက် ဆန့်ကျင်နေတဲ့ အပေါ် ရည်ညွှန်း ပြောဆိုရာမှာ ဒီ သေနတ် ကိုင်ဆောင်ခွင့် ဥပဒေ အရေးကိစ္စ နောက်ကွယ်မှာ နိုင်ငံရေး ဆက်နွယ်မှု ရှိတယ် ဆိုပေမယ့် ဒါကို အမေရိကန် အစိုးရ အဖွဲ့အစည်း တခုတည်းကနေ ပြောင်းလို့ မရပါဘူး အမေရိကန် ပြည်သူတွေကလည်း ပူးပေါင်း လုပ်ဆောင်ရမှာပါလို့ မစ္စတာ အိုဘားမားက ဆိုသွားခဲ့ပါတယ်။