တာလီဘန် ခေါင်းဆောင်ကို ပါကစ္စတန် ပြန်လွှတ်ပေး

  • 21 စက်တင်ဘာ 2013
Image caption တာလီဘန် ခေါင်းဆောင်တွေ ထဲမှာ မူလာ ဘာရာဒါ ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလား သူ

ပါကစ္စတန် အစိုးရ ကနေ တာလီဘန် ခေါင်းဆောင် တဦး ဖြစ်သူ မူလာ ဘာရာဒါ ကို ပါကစ္စတန် အကျဉ်းထောင်က လွှတ်ပေး လိုက်တယ် ဆိုတဲ့ သတင်းကို အာဖဂန် နစ္စတန် အစိုးရက ကြိုဆို လိုက် ပါတယ်။

ပါကစ္စတန် အကျဉ်း ထောင်ထဲက လွှတ်ပေး လိုက်တာက တာလီဘန် အကျဉ်းသား စုစုပေါင်း ၃၀ ကျော်ပါတယ်။ အဲဒီ အထဲမှာ မူလာ ဘာရာဒါလည်း ပါလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကို လွှတ်လိုက်ကြောင်း တရားဝင် အတည်ပြုချက်တော့ မရသေးပါဘူး။ မူလာ ဘာရာဒါ လွတ်မြောက်ရေးဟာ အာဖဂန် နစ္စတန် အစိုးရက လိုလား မျှော်လင့် နေတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဘာ့ကြောင့် မျှော်လင့် စောင့်စား နေသလဲ ဆိုတော့ တာလီဘန် ခေါင်းဆောင်တွေ ထဲမှာ မူလာ ဘာရာဒါဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလား သူလို့ အာဖဂန် နစ္စတန် အစိုးရက ယုံကြည် ယူဆ ထားလို့ ဖြစ်ပါတယ်။

မူလာ ဘာရာဒါဟာ ၁၉၉၄ ခုနှစ်တုန်းက အာဖဂန် နစ္စတန်မှာ တာလီဘန် အဖွဲ့ စတင် ဖွဲ့စည်းခဲ့သူ လေးယောက် ထဲမှာ တယောက် အပါ အဝင်လည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန် အစိုးရ ကျူးကျော်မှုနဲ့ တာလီဘန် အစိုးရကို ဖြုတ်ချပြီး နောက်ပိုင်း မှာတော့ သူဟာ တာလီဘန် အဖွဲ့ရဲ့ အဓိက သော့ချက် ပုဂ္ဂိုလ် ဖြစ်လာခဲ့ ပါတယ်။

တာလီဘန် အစိုးရ ပြုတ်မကျ ခင်တုန်း ကလည်း သူဟာ အစိုးရ အဖွဲ့ထဲမှာ အရေးကြီး ရာထူး တာဝန်တွေကို ယူခဲ့ ဖူးသူဖြစ်ပါတယ်။ တာလီဘန် အစိုးရ ပြုတ်ကျပြီး နောက်မှာတော့ သူဟာ ပါကစ္စတန် နိုင်ငံထဲ ထွက်ပြေး ခိုအောင်း နေခဲ့ပြီး တာလီဘန် ပြောက်ကျား တော်လှန်ရေးမှာ သူဟာ စစ်ရေး ခေါင်းဆောင် ဖြစ်လာခဲ့ ပါတယ်။

သူ့ကို စီအိုင်အေ ထောက်လှမ်းရေးနဲ့ ပါကစ္စတန် ထောက်လှမ်းရေးတို့ ပူးပေါင်း ထောက်လှမ်းပြီး ဖမ်းဆီး ခဲ့တယ်လို့ ဆိုကြပါတယ်။ သူဟာ တာလီဘန် အဖွဲ့ထဲက ဆွေးနွေးရေးကို မယုံကြည်ကြတဲ့ သဘောထား ပြတ်သား တင်းမာ သူတွေ အပေါ်မှာ သြဇာ သက်ရောက် နိုင်တဲ့ ပုဂ္ဂိုလ်လို့လည်း အာဖဂန် အစိုးရက ယုံကြည် ထား ပါတယ်။

တာလီဘန်နဲ့ ဆွေးနွေး စကား ပြောရေး ကိစ္စကို ကိုင်တွယ်တဲ့ အာဖဂန် အစိုးရရဲ့ အဖွဲ့ထဲက နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် အစ္စမေးလ် ကေဆင် ရား ကတော့ အစိုးရ ဘက်က ဆွေးနွေးရေး အတွက် အဆင်သင့်ပဲ လို့ ဆိုပါတယ်။ ဒါပေမဲ့ တာလီဘန်တို့ တောင်းဆို နေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုတော့ အစိုးရ ဘက်က မလုပ်ပေး နိုင်ဘူး လို့လည်း သူက ကြိုတင်ပြီး ရှင်းရှင်း လင်းလင်း ထုတ်ပြောထား ပါတယ်။

ဒါပေမဲ့ မူလာ ဘာရာ ဒေးဟာ နိုင်ငံရေးနည်းနဲ့ အဖြေရှာတဲ့ နည်းကို ယုံကြည်သူ ဖြစ်တဲ့ အတွက် သူ့ကို အခုလို လွှတ်ပေး လိုက်တာဟာ နိုင်ငံရေး ထွက်ပေါက် ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ