ကင်ညာ စျေးရုံ အကြမ်းဖက်မှု သေဆုံးသူ ၆၀ နီးပါးရှိလာ

  • 22 စက်တင်ဘာ 2013
Nairobi
Image caption စျေးရုံ အတွင်းမှ ထွက်ပြေးတိမ်းရှောင်ကြရ

ကင်ညာနိုင်ငံ နိုင်ရိုဘီ မြို့တော် ကုန်တိုက်စျေးဆိုင်တွေ အတွင်းမှာ အစ္စလာမ် ဘာသာဝင် လက်နက်ကိုင် တွေက မနေ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ သေဆုံးသူ ၅၉ ယောက်ရှိတယ်လို့ အစိုးရက ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး ဂျိုးဇက်ဖ် အိုလီ လန်ကု က ပြောပါတယ်။

နောက်ထပ် ဒဏ်ရာရသူ အရေအတွက်ဟာလည်း ၁၇၅ ယောက်အထိတိုးလာနေတယ်လို့ပြောပါတယ်။

စနေနေ့တုန်းကဝက်စ်ဂိတ်နာမည်ရတဲ့ ရှော့ပင်းမောလ်ထဲမှာ တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်သူ သူပုန်အဖွဲ့ကတော့ အယ်လ် ရှားဘတ်ဘ် မွတ်စလင် သူပုန်အဖွဲ့ဖြစ်ပါတယ်။

ရှော့ပင်းမောလ်ထဲမှာ အစ္စရေး လုံခြုံရေး အဖွဲ့ဝင်တွေလည်း ရှိတယ်လို့ ဘီဘီစီ သတင်းထောက်တယောက်က သတင်းပေးပို့ပါတယ်။

သေနတ်သံတွေ ကြားရပြီးတဲ့နောက်မှာ ဟယ်လီကော်ပတာတွေ ကောင်းကင်မှာ ပျံဝဲနေသလို အဲဒီဧရိယာ အတွင်းမှာ စစ်သားတွေလည်း ရောက်လာကြတယ်လို့လည်း အဲဒီသတင်းထောက်က ဆိုပါတယ်။