နိုင်ရိုဘီ ကုန်တိုက်ကို နယ်မြေရှင်းလင်းမှု ပြုလုပ်

  • 24 စက်တင်ဘာ 2013
Image caption နယ်မြေရှင်းလင်းမှုတွေ ရှေ့တိုး ဆောင်ရွက်နေတယ်လို့ ဆို

စစ်သွေးကြွတွေ ဝင်စီးခဲ့တဲ့ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက Westgate စျေးရုံကြီးကို လုံခြုံရေး တပ်ဖွဲ့တွေကနေ ပြန်လည် ထိန်းချုပ် ခဲ့ပြီးနောက် ပိုက်စိတ်တိုက် နယ်မြေ ရှင်းလင်း မှုတွေ ပြုလုပ်နေပါတယ်။

ဒီ ကုန်တိုက်ကြီးကို အစ္စလာမ်မစ်တွေ သုံးရက်ကြာ ဝင်စီးထားခဲ့စဉ် အတွင်း ပစ်ခတ် တိုက်ခိုက်မှုတွေ ကြောင့် လူပေါင်း အနည်းဆုံး ၆၂ ဦးလည်း သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ကုန်တိုက်ထဲ တစ်ထပ်ပြီး တစ်ထပ် နယ်မြေရှင်းလင်းတာတွေကို ရှေ့တိုး ဆောင်ရွက်နေတယ်လို့ ကင်ညာ အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သံတွေ ပေါက်ကွဲသံတွေကိုလည်း ကုန်တိုက်အထဲကနေ ကြားနေရပြီး၊ ထောင်ထားတဲ့ ဗုံးတွေကို စစ်သားတွေက စနက်တန် လိုက်ဖြုတ်နေတယ်လို့ ဆိုပါတယ်။

ကင်ညာ စစ်သား ၃ ဦး သေဆုံးသွားခဲ့ရပြီး ရှစ်ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

အထဲမှာ စစ်သွေးကြွ ၂ ယောက် ၃ ယောက်လောက် ကျန်နေ နိုင်တယ်လို့ ကင်ညာ တပ်မှူးတစ်ဦးက ပြောပါတယ်။