စေ့စပ်ညှိနှိုင်းဖို့ အသင့်ပဲလို့ အီရန် သမ္မတ ကုလသမဂ္ဂမှာ ပြောကြား

  • 25 စက်တင်ဘာ 2013
Image caption ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အီရန် သမ္မတ Hassan Rouhani

အီရန် နိုင်ငံဟာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ စေ့စပ်ညှိနှိုင်းဖို့ အသင့်ဘဲလို့ အီရန် သမ္မတ ဟတ်ဆန် ရိုဟန်နီက ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

အီရန်မှာ အရပ်ဖက်သုံး နျူကလီးယား စွမ်းအင်ကို ထုတ်လုပ်ခွင့် ပြုသင့်တယ် ဒါပေမယ့် သူတို့ အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သူက ပြောပါတယ်။

အီရန်က ကမ္ဘာကိုကော ဒေသတွင်းမှာကော ခြိမ်းခြောက် အနှောက်အယှက် မပေးခဲ့ပါဘူး ၊ တည်ငြိမ် အေးချမ်းမှုကို ဖော်ဆောင်နေတဲ့ နိုင်ငံ တခုပါလို့ မစ္စတာ ရိုဟန်နီက ဆိုပါတယ်။

အမေရိကန်နဲ့ အီရန်ကြား သဘောကွဲပြားမှုတွေကို ညှိနှိုင်း အကောင်အထည်ဖော်မှု စတင်ဖို့ သူက ပန်ကြားလိုက်ပြီး သမ္မတ အိုဘားမား အနေနဲ့ စစ်မက် လိုလားတဲ့ ဖိအားပေးသူတွေရဲ့ စကားကို နားမယောင်သင့်ဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ သူတို့နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ ထားမှုကို ရှုတ်ချ ပြောဆို လိုက်ပြီး ဒါဟာ သာမန် အရပ်သားတွေရဲ့ ဘဝတွေကို အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေတယ်လို့ သူက ဆိုပါတယ်။

မစ္စတာ ရိုဟန်နီရဲ့ ညင်သာပြီး အစွန်းမရောက်တဲ့ ချဉ်းကပ်မှုတွေကြောင့် အားတက်မိတယ်လို့ အစောပိုင်းတုန်းက အမေရိကန် သမ္မတ အိုဘားမားက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ် အပေါ် သဘောတူညီချက် တခုရအောင် အခြေခံ ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆကြောင်း မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒါပေမယ့် အကြီးအကျယ် မျှော်လင့်ထားတဲ့ သမ္မတ အိုဘားမားနဲ့ အီရန် သမ္မတ ရိုဟန်နီတို့ တွေ့ဆုံမှုတော့ မဖြစ်ခဲ့ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီလို တွေ့ဆုံနိုင်ဖို့ သူတို့ဖက်က ကမ်းလှမ်း ကြိုးစားခဲ့ပေမယ့် အီရန်ဖက်မှာ အခက်အခဲတွေ အများကြီး ရှိတဲ့ အတွက် အထမမြောက်ခဲ့ဘူးလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။