နိုင်ရိုဘီ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းကာလ သတ်မှတ်

  • 25 စက်တင်ဘာ 2013
Image caption သေဆုံးသွားသူတစ်ဦး၏ မိခင်နှင့် ဆွေမျိုးများ။

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက ဝက်စ်ဂိတ် ကုန်တိုက် စီးနင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူတွေအတွက် ဒီနေ့ကစပြီး ၃ ရက်တာ ဝမ်းနည်းခြင်း ကာလအဖြစ် ကင်ညာအစိုးရက သတ်မှတ်ပေးလိုက်ပါတယ်။

စနေနေ့က စခဲ့တဲ့ ၄ ရက်တာ အဖြစ်အပျက်အတွင်း လူ ၆၇ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေ အများအပြား ရှိနေဆဲမို့ သေဆုံးသူ ဒီထက် ပိုများနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ကုန်တိုက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ကတော့ ၁၃၇ ဦး သေဆုံးတယ်လို့ ပြောဆိုပေမယ့် သီးခြား အတည်မပြုနိုင် ကြသေးပါဘူး။

တိုက်ခိုက်ခံရမှုပြီးနောက် ပြိုကျခဲ့တဲ့ ကုန်တိုက်ရဲ့ တချို့နေရာတွေမှာ ပိတ်မိ ပိမိနေတယ်လို့ ယူဆရတဲ့ လူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်အတွင်း လုံခြုံရေးတပ်သား ၆ ဦးသေဆုံးပြီး စစ်သွေးကြွဘက်က ၅ ဦး သေဆုံးကာ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားပါတယ်။