ဆူဒန်ဆန္ဒပြမှုတွေအတွင်း လူ၂၄ဦး သေဆုံး

  • 25 စက်တင်ဘာ 2013
Image caption ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့

ဆူဒန်နိုင်ငံ ခါတွန်မြို့မှာ လောင်စာဆီ ထောက်ပံ့ကြေး လျှော့ချမှုတွေကို ကန့်ကွက် ဆန္ဒပြနေမှု ၃ရက်မြောက်နေ့မှာအနည်းဆုံး လူ၂၄ဦး သေဆုံးသွားပါတယ်။

သေဆုံးသူပေါင်း ၂၀ ကျော် ရှိသွားပြီ ဖြစ်ပြီး သေနတ် ဒဏ်ရာနဲ့ နောက်ထပ် လူ၈၀လောက် ကို ဆေးကုသ ပေးနေရတယ်လို့ Um Durman ဆေးရုံ ညွှန်ကြား ရေးမှူးက ဘီဘီစီကို ပြောပြပါတယ်။

အစောပိုင်းတုန်းက ခါတွန်မြို့ရဲ့ နေရာ အတော်များများမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

သမ္မတ အိုမာ အယ်လ် ဘရှားကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူ တချို့က တောင်းဆိုခဲ့ကြပါတယ်။

ဓါတ်ဆီဆိုင်တွေ မီးတင်ရှို့ ခံခဲ့ရကြပြီး လေဆိပ်ဆီ သွားတဲ့ လမ်းမကြီးကို ပိတ်ထားတာ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကျောင်းတွေလည်း ပိတ်ထားလိုက်ပြီး သတင်းစာတွေကိုလည်း ထုတ်ဝေ ဖြန့်ချိမှုတွေ မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဆူဒန်နိုင်ငံမှာ အင်တာနက်တွေလည်း နာရီအတန်ကြာ ပြတ်တောက်သွားခဲ့ပါတယ်။

ဒါဟာ အစိုးရက တမင်လုပ်တာလား ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။

ခါတွန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးကတော့ နှစ်ဘက်စလုံးကို အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့ ပန်ကြားထားပါတယ်။